CNF နှင့် KNO တို့ကို အဖွဲ့ဝင်အဖြစ် ပြန်လက်ခံသွားရန် UNFC ဆုံးဖြတ်

CNF နှင့် KNO တို့ကို အဖွဲ့ဝင်အဖြစ် ပြန်လက်ခံသွားရန် UNFC ဆုံးဖြတ်

ချင်းမိုင်၊ ဖေဖော်ဝါရီလ ၂၅ ။          ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်ဟောင်းနှင့် ကချင်အမျိုးသား အစည်းအရုံး(KNO)၊ ယာယီရပ်စဲခဲ့သော ချင်းအမျိုးသားတပ်ဦး (CNF)တို့ကို အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံ သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်ထိ ကျင်းပခဲ့သော UNFC ၏ ပုံမှန်အစည်းအဝေးတွင် အဆိုပါ အဖွဲ့အစည်း ၂ ဖွဲ့ကို လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အရေးပေါ် ညီလာခံတွင် အဖွဲ့ဝင် အဖွဲ့အစည်းများအဖြစ် ပြန်လည် လက်ခံသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အခုက ပုံမှန်အစည်းအဝေးမှာ ပြီးခဲ့တဲ့ ညီလာခံမှာ ချမှတ်ထားခဲ့တဲ့ လုပ်ငန်းစဉ်တွေ၊ ဆုံးဖြတ်ချက် သဘော ထားတွေကို ကျွန်တော်တို့ ပြန်လည် သုံးသပ်ချက်တွေ လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အဖွဲ့ဝင် အဖွဲ့အစည်းများနဲ့ သက်ဆိုင်တဲ့ ကဏ္ဍရပ်မှာပေါ့လေ။ ဒီဖြစ်ရှိနေတဲ့ အခြေအနေအောက်မှာ CNF ( The Chin National Front) ဟာ ကျွန်တော်တို့ ယူအန်အက်ဖ်စီနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒသဘောထားလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရဲ့ လုပ်ထုံးလုပ်နည်းအရ လက်ခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က ပြောသည်။

KNO သည်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက UNFC စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး UNFC တွင် KIO နှင့် KNO ဟူ၍ ကချင်အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်နေ၍ ညီညွတ်ရေးကို ပြသသည့်အနေဖြင့် နှစ်ဖွဲ့တွင် KIO တစ်ဖွဲ့ထဲ အနေဖြင့် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် KIO က UNFC မှ နုတ်ထွက်ခဲ့သဖြင့် ၎င်းတို့အဖွဲ့လည်း နုတ်ထွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု သူက ပြောသည်။

 “ကေအန်အိုဟာလည်း ယူအန်အက်ဖ်စီ စတင်ထောင်ကတည်းက ပါဝင်ခဲ့တယ်။ အကြောင်း အမျိုးမျိုးကြောင့် သူတို့ရဲ့ ညီညွတ်ရေးကို ပြသတဲ့အနေနဲ့ နှစ်ဖွဲ့ဟာ ပူးပေါင်းပြီးတော့ ကေအိုင်အိုအနေနဲ့ ပါခဲ့တယ်။ ကေအန်အိုက ပါဝင်ဖို့ ဆန္ဒရှိတဲ့အပေါ်မှာ ကျွန်တော်တို့ က ပြန်ပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်”ဟု ဦးထွန်းဇော်က ဆက်ပြောသည်။

ချင်းအမျိုးသားတပ်ဦး( CNF) သည် PNLOနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် တပ်ပေါင်းစု၏ လုပ်ထုံးလုပ်နည်းအရ အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်စဲခဲ့သည်။ သို့သော် CNF သည် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရန် လျှောက်ထားမှုများ ရှိသဖြင့် ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်သည်။ PNLO သည် တပ်ပေါင်းစုထဲ ဆက်လက် ပါဝင်ရန် သဘောထားမပေးခဲ့ပေ။

ယနေ့ ပြီးဆုံးခဲ့သော ပုံမှန်အစည်းအဝေးတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော UNFC ၏ ဒုတိယ အကြိမ် ညီလာခံတွင် ချမှတ်ခဲ့သော လုပ်ငန်းစဉ်များကို ဆွေးနွေးသုံးသပ်ခဲ့ရာ အဖွဲ့ဝင် အဖွဲ့အစည်း အခန်းကဏ္ဍနှင့် ပတ်သက်၍ အဆိုပါအဖွဲ့ နှစ်ဖွဲ့လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၆ လသာ ကာလအတွင်း အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့နှင့် မထိုးသေး သည့်အဖွဲ့ဟူ၍ ဖြစ်ပေါ်ခဲ့သော်လည်း အန်စီအေ လမ်းကြောင်းအတိုင်း ဆက်လက် ညှိနှိုင်းသွားမည်ဟု သဘောထားချမှတ်ခဲ့သည်ဟု ဦးထွန်းဇော်က ပြောသည်။

ထိုအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့မှ ကောင်စီဝင်များနှင့် ဆက်စပ်မဟာမိတ် အဖွဲ့အစည်း များဖြစ်သော ကချင်လွတ်လပ်ရေးအဖွ့ဲ (KIO) ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

UNFC အဖွဲ့ဝင်များဖြစ်သော NMSP နှင့် LDU တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်ပေါင်းစုနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည် ဟု သူက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းမှတဆင့် အကောင်အထည်ဖော်ဆောင်သွားနိုင်ရန်အတွက် အတူတကွ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ထိုအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ခေတ္တ ရပ်နားခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်ထိ ပြန်လည် ကျင်းပ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required