ဦးဝင်းထိန် နှုတ်ထွက်စာတင်၊ မတင် ဘာမှ မသိကြောင်း ဦးဉာဏ်ဝင်းပြော

ဦးဝင်းထိန် နှုတ်ထွက်စာတင်၊ မတင် ဘာမှ မသိကြောင်း ဦးဉာဏ်ဝင်းပြော

ဖေဖော်ဝါရီ ၂၅ ။            ။ ဦးဝင်းထိန် ပါတီမှ နှုတ်ထွက်စာတင်ထားသည်ဆိုသည့် သတင်းအပေါ် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သိရှိခြင်း မရှိသေးကြောင်း ပြောသည်။

“ ဦးဝင်းထိန်ကိစ္စ ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော်တော့ သူများတွေပြောတာ ကြားတာ ကျွန်တော် မသိဘူး။ ကျွန်တော့်ဆီတော့ မရောက်သေးဘူး။ မရောက်သေးပါဘူး။ ဒါ ထုံးစံ အတိုင်းပါပဲ။ ဒီလိုပဲ အကုန် ပြန်ဝင်ရတာပဲ။ အဲဒီဟာ မဆွေးနွေးဘူးဗျ။”  ဟု ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်၊ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သော NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံလုံးဆိုင်ရာညီလာခံတစ်ခု ကျင်းပရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စီစဉ်ဆွေးနွေးနေပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ (NLD CEC) ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကို  ပြန်လည်ရွေးကောက် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ရွေးချယ်မှု မတိုင်မီ NLD ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှုတ်ထွက်စာတင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

နိုဝင်ဘာလအတွင်းက ဦးဝင်းထိန် ပါတီမှနှုတ်ထွက်သည့် စာတစ်စောင်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာ တွင် ပေါ်ထွက်ခဲ့ပြီး အတုလုပ်ကာဖော်ပြခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုခံထားရသည့် ဦးဖိုးထောင်ဆိုသူကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရီမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးနေသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အများစုပါဝင်ပြီး ပါတီ၏ လုပ်ငန်းစဉ်များ ကို လျော့နည်းလာစေမည့် အလားအလာများကို ကြပ်မတ်ထိန်းသိမ်းနိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့တွင် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဟံသာမြင့်တို့ ပါဝင်နေသည်။

လက်ရှိတွင် ဦးဝင်းထိန်သည် သားဖြစ်သူ၏ မင်္ဂလာဆောင်အပြီး ပြည်ပနိုင်ငံသို့ သွားရောက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required