ဂန္တဝင်မင်းသမီးကြီး ဆရီးဒေဝီကွယ်လွန်မှု အိန္ဒိယပြည်သူများ ၀မ်းနည်းပူဆွေး

ဂန္တဝင်မင်းသမီးကြီး ဆရီးဒေဝီကွယ်လွန်မှု အိန္ဒိယပြည်သူများ ၀မ်းနည်းပူဆွေး

ဖေဖေါ်ဝါရီ ၂၅ ။          ။ ဘောလိဝုဒ်ရုပ်ရှင်လောကမှ ဂန္တဝင်မင်းသမီးကြီး ဆရီးဒေဝီကပူးသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၌ စနေနေ့ညက နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်သွားခဲ့ရသည့်အတွက် အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး ဝမ်းနည်းပူဆွေးနေကြသည်။

 သူမသည် ဆွေမျိုးတစ်ဦး၏ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ရန်အတွက် ယူအေအီးသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၄နှစ်ခန့်သာ ရှိသေးကြောင်း  သိရသည်။

သူမ၏ နာရေးသတင်းကို သူမ၏ခဲအိုဖြစ်သူက Indian Express သတင်းစာသို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ် သည်။ ဆရီးဒေဝီသည် သူမ၏ခင်ပွန်းဖြစ်သူ ထုတ်လုပ်သူ ဘိုနေကပူးနှင့် သမီးဖြစ်သူ ခူရှီတို့နှင့်အတူ ယူအေအီးသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရီးဒေဝီသည် ဟင်ဒီရုပ်ရှင်လောကထဲသို့ အခြေမချမီတွင် တမီလ်၊ တယ်လူဂူ၊ မာလာယာလမ် နှင့် ခါနာဒါ ရုပ်ရှင်လောကထဲ၌ ကျင်လည်ခဲ့သည်။ သူမသည် ဘောလိဝုဒ်ရုပ်ရှင်လောက၏ အမြင့်ဆုံးဆုဖြစ်သော Flimfare Award အတွက် ၁၀ ကြိမ်ခန့် ဇကာတင်စာရင်းတွင် ရွေးချယ်ခံခဲ့ရပြီး ၅ ကြိမ် ဆွတ်ခူးခဲ့သည်။

ဒါ့အပြင် လွန်ခဲ့သော ၂၀၁၃ခုနှစ်ကလည်း သူမအား အိန္ဒိယအစိုးရက အမြင့်ဆုံးအရပ်သားဂုဏ်ပြုဆု (ပတ်ဒ်မာ ရှရီ)ဆုကို ချီးမြှင့်ခဲ့ဖူးသည်။

“အရွယ်မတိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ရတဲ့ ဆရီးဒေဝီရဲ့သတင်းကို ကြားလိုက်ရမိချိန်မှာ အလွန်တရာဝမ်းနည်းမိပါ တယ်။ သူမဟာ ရုပ်ရှင်လောကထဲမှာ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေမှာသရုပ်ဆောင်ပြီး အမှတ်ရစေမယ့် သရုပ်ဆောင်ချက်တွေကိုချန်ထားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ မိသားစုနဲ့အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းရပါတယ်။ သူမ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ” ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုယ်တိုင် သူမကွယ်လွန်မှုနှင့်ပက်သက်၍ သူ၏ တွစ်တာမှတဆင့် ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ဒါ့အပြင် ဟောလိဝုဒ်ရုပ်ရှင်လောကထဲအထိ ထိုးဖောက်နေသည့် နာမည်ကျော်အိန္ဒိယမင်းသမီးချော ပရီယန်ကာချိုပရာကလည်း သူမ၏တွစ်တာ၌ “ကျမ ဆွံ့အသွားမိပါတယ်။ ဆရီဒေဝီကို ချစ်မြတ်နိုးတဲ့ လူတိုင်း နဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်။ အမှောင်ဖုံးတဲ့ နေ့လေးတစ်နေ့ပါပဲ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” ဟု ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။

ဆရီဒေဝီအား အိန္ဒိယနိုင်ငံ၏ တမီလ်နာဒူးပြည်နယ်၌ ၁၉၆၃ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာလုပ်ငန်းများကိုစတင်ခဲ့ကာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့် ရုပ်ရှင်လောကပေါင်းများစွာ၌ ကျင်လည်ခဲ့သည့် ဂန္တဝင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required