ကွာရှင်းမှုဥပဒေနှင့် ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဖိလစ်ပိုင် ကက်သလစ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြ

ကွာရှင်းမှုဥပဒေနှင့် ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဖိလစ်ပိုင် ကက်သလစ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြ

မနီလာ၊ ဖေဖော်ဝါရီ ၂၄ ။           ။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဒူတာတေး၏ အသေအကျေများသော မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ရှုတ်ချသည့် ‘ဘဝအတွက် လှမ်းချီ’ ချီတန်းဆန္ဒပြမှုကို ကက်သလစ်ဘုရားကျောင်းအုပ်စုများက လုပ်ဆောင်ကြခြင်းနှင့်အတူ ရိုမန်ကက်သလစ်ဘာသာဝင် ၂၀၀၀ နီးပါးမှာလည်း အကြင်လင်မယားများ ကွာရှင်းမှုကို တရားဝင် ဥပဒေပြဌာန်းမှုအား ဆန့်ကျင်ကြလျက် မနီလာတွင် ဖေဖော်ဝါရီ ၂၄ တွင် ဆန္ဒပြကန့်ကွက်ကြသည်။

ကွာရှင်းခွင့်ဥပဒေကြမ်းသည် ကွန်ဂရက်လွှတ်တော်တွင်းရှိ ဒူတာတေး၏ မဟာမိတ်များ အင်အားဖြင့် အတည်ပြုပြဌာန်းလာနိုင်တော့မည်ကို စိုးရိမ်လျက် ဘုရားကျောင်းအုပ်စုများက ဦးဆောင်ကာ အရုဏ်ဦးကြိုဆန္ဒပြမှုအား စီစဉ်လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ဖိလစ်ပိုင်၏ ၈၀ ရာခိုင်နှုန်းသည် ၎င်းတို့ ဘာသာဝင်နောက်လိုက်များ ဖြစ်သည်ဟု ကက်သလစ်ဘုရားကျောင်းများက ရေတွက်ထားသည်။ ကွာရှင်းမှုကို ဥပဒေမဲ့မှုအဖြစ် သတ်မှတ်ထားသည့် ဗာတီကန်မှလွဲပြီး ကမ္ဘာပေါ်တွင် ဖိလစ်ပိုင်သည်လည်း ယင်းသို့ ကျင့်သုံးနိုင်မည့် တစ်ခုတည်းသောနိုင်ငံဖြစ်ရအောင် ကူညီမည်ဟု ဘုရားကျောင်းများက ဆွယ်ဟောလျက်ရှိနေသည်။ ကိုယ်ဝန်ဖျက်ချခြင်းနှင့် လိင်တူလက်ထပ်မှုတို့သည်လည်း ဗာတီကန်တွင် ဥပဒေပြင်ပမှ လုပ်ရပ်ဖြစ်သည်။

“ခရစ်တော်က လက်ထပ်မင်္ဂလာဖြင့် ဓမ္မမင်္ဂလာဆိုင်ရာ ဂုဏ်သိက္ခာကို မြှင့်တင်ပေးတယ်။ ကွာရှင်းမှုဥပဒေကို အတည်ပြုခြင်းနဲ့ လွှတ်တော်ကို အလဟဿ မဖြစ်ပါစေနဲ့။”ဟု နိုင်ငံ၏ ကက်သလစ်ဘုန်းကြီးများ ကော်မရှင်တစ်ရပ်က ချီတန်းဆန္ဒပြပွဲတွင် ဖတ်ကြားသည်။

“ဘုရားသခင် လက်ဆက်ပေါင်းဖက်ပေးတဲ့ ဘယ်သို့သော စုံတွဲအကြင်လင်မယားမှ မကွဲကွာရဘူး။ ကွာရှင်းမှု မဖြစ်ရဘူး။”ဟု အဆိုပါ စာတမ်းတွင် ဖတ်ကြားသည်။

ဒူတာတေးအနေဖြင့် အဆိုပါ ကွာရှင်းမှုဥပဒေကြမ်းအပေါ် ထောက်ခံရပ်တည်မှု ကိုယ်တိုင်ကိုယ်ကျ မရှိသော်လည်း ၂၀၁၆ နှစ်လယ် ၎င်းရာထူးရချိန်မှစကာ ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုများနှင့် သီလကြောင်များဟု စွပ်စွဲပြောဆိုလျက် ဘုရားကျောင်းများကို တက်တက်ကြွကြွ ဝေဖန်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required