အိန္ဒိယစိုက်ပျိုးရေး ထုတ်ကုန်ရောင်းဝယ်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

အိန္ဒိယစိုက်ပျိုးရေး ထုတ်ကုန်ရောင်းဝယ်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

 

ဖေဖော်ဝါရီ ၂၄ ။           ။ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းဝယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ  ၂၄ ရက်က ရန်ကုန်မြို့၊ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ "အိန္ဒိယစိုက်ပျိုးရေးထုတ်ကုန်ရောင်းဝယ်ရေးဆိုင်ရာဆွေးနွေးပွဲ" ကို အိန္ဒိယအစိုးရနှင့် အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် Mr. R.Sabarinathan က " အိန္ဒိယနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လို ပူးပေါင်းပြီး ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးကြတာပါ။ လယ်ယာထွက်ကုန်က ထုတ်လုပ်တဲ့ ကုန်စည်တွေကို မြန်မာပြည်ကို တင်သွင်းပြီးတော့ ဒီမှာ ဖြန့်ချိတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်။ အနာဂတ်မှာလည်း ဒီမှာစီးပွားရေးကို စိတ်ဝင်စားတဲ့သူဆိုရင် ဒီမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောက်လို့ရတယ်။ ဒါကို အိန္ဒိယအစိုးရကလည်း အထောက်အပံ့ပေးတယ်။ မြန်မာနိုင်ငံကို အိန္ဒိယကနေ ကုန်စည်တင်သွင်းပြီး အဆီယံဒေသက နိုင်ငံတွေကို ပြန်ပြီး တင်ပို့လို့ရတယ်။ ဒါကြောင့် ဒီနေ့က လယ်ယာထွက်ကုန်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက တစ်ဦးချင်း စကားပြော ဆွေးနွေးလို့ရတယ်။ သူစိတ်ဝင်စားတဲ့ ထုတ်ကုန်ကို ဆက်ပြီး စကားပြောလို့ရတာပေါ့" ဟုဆိုသည်။

ယင်းဆွေးနွေးပွဲအား  အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်များ ကုန်စည်များထုတ်လုပ်သည့် အထူးပြုကုမ္ပဏီ  ၁၅ ခု နီးပါးနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် အော့ချက်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမြင့်စိန်က  " သူတို့လာလုပ်တဲ့အပိုင်းမှာတော့ ပစ္စည်း ရောင်းဖို့ကို ဦးတည်ပြီးလုပ်ကြတာများတယ်။ ဥပမာဆိုရင် ထွန်စက်တွေ လာတာတွေ့တယ်။ မျိုးစေ့တွေရောင်းတာ ရှိတယ်။ ဆေးတွေ ရောင်းတာရှိတယ်။ ဒီနေ့ ဆွေးနွေးရင်တော့ ဘာကို ဖြစ်စေချင်လဲဆိုတော့ မြန်မာပြည် အနေအထားအရ တကယ်လို့ လုပ်မယ်ဆိုရင် Model Farm သဘောမျိုး၊ သုတေသနလုပ်ထားတဲ့ Farm သဘောမျိုးလေး ဖြစ်အောင်လို့တော့ သူတို့နဲ့ဆွေးနွေးမယ်" ဟု ဆိုသည်။  

ယင်းအပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်တွင်းထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပြီး လက်ရှိ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်နှီးမြုပ်နှံထားသည့် နိုင်ငံ စာရင်းတွင် အဆင့် ၁၁ နေရာ၌ ရပ်တည်နေပြီး အမေရိကန်ဒေါ်လာ ၇၄၃ သန်းကျော်ကို လုပ်ငန်းပေါင်း ၂၆ တွင် ရင်နှီးမြှုပ်နှံရန် ခွင့်ပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required