အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြု

အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြု
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ။                   ။ One Championship ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ပိုင်ဆိုင်သွားသည့် အောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုစာလွှာပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားဖြစ်သူ အောင်လအန်ဆန်သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် One Championship လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ဘရားဇီး နိုင်ငံသားလက်ဝှေ့သမား အလက်ဇန်းဒါး မာချာဒိုအား ပထမအချီ ၅၆ စက္ကန့်အတွင်း အလဲထိုး အနိုင်ရယူခဲ့ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုစာလွှာ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်ပြုစာလွှာတွင် "ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်မြင်မှုအတွက် ဂုဏ်ပြုခြင်း" ဟု ခေါင်းစဉ်တပ်ပြီး အောင်လအန်ဆန်ထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အောင်လအင်ဆန် မစ်ဒယ်ဝိတ်တန်း ကမ္ထာ့ချန်ပီယံရွှေခါးပတ်ဆု ရရှိခဲ့စဉ်ကလည်း ဂုဏ်ပြုလွာ ပေးအပ်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း အောင်လအန်ဆန်ထံ ကျပ်သိန်း ၂၀၀  ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ကချင်အမျိုးသား များအတွက် ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် KIO က ဂုဏ်ပြုလက်မှတ်တွင် ရေးသားထုတ်ပြန်ထားသည်။

သူ၏ မိသားစု၊ မြန်မာနိုင်ငံသားများ၏ အားပေးကူညီမှုကြောင့် အနိုင်ရခြင်း ဖြစ်ကာ ပထမဦးစွာ ဝမ်းသာပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ဘရာဇီးလက်ဝှေ့သမားနှင့် ထိုးသတ်ပြီးပြီးချင်း အောင်လအင်ဆန်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required