ဘင်္ဂါလီနေအိမ်များကို ဖျက်ဆီးခြင်းမဟုတ်ဘဲ မီးလောင်ပြင်များကို ဘူဒိုဇာဖြင့် ရှင်းလင်းခြင်းဟု အစိုးရပြော

ဘင်္ဂါလီနေအိမ်များကို ဖျက်ဆီးခြင်းမဟုတ်ဘဲ မီးလောင်ပြင်များကို ဘူဒိုဇာဖြင့် ရှင်းလင်းခြင်းဟု အစိုးရပြော
ဓာတ်ပုံ-EFE

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ။                   ။ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ကျေးရွာပေါင်း ၅၀ ကျော်အား ဘူဒိုဇာဖြင့် ထိုးကာ ဖြိုဖျက်နေသည်ဟု လူအခွင့်အရေး   စောင့်ကြည့်လေ့လာသူများအဖွဲ့ (HRW) ၏ ထုတ်ပြန်ချက်မှာ မဟုတ်မှန်ဘဲ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လူနေအိမ်မရှိသည့် မီးလောင်ပြင်များကို ဘူဒိုဇာဖြင့် ရှင်းလင်းနေရခြင်းသာ ဖြစ်သည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

ဘင်္ဂါလီများ အခြေချနေထိုင်ခဲ့သော နေအိမ်ကျေးရွာများကို အစိုးရမှ ဘူဒိုဇာနှင့်ထိုးပြီး ဖြိုဖျက်နေတာကို ဂြိုဟ်တု ပုံရိပ်များအရ တွေ့ရှိရသည်ဟု ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် HRW က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့သိတာတော့ မီးလောင်ပြင်ကိုရှင်းတယ်။ တချို့လမ်းတွေဖောက်တယ်။ အဲဒါပဲ ကျွန်တော်တို့ သိတယ်။ လက်ရှိ လူနေတဲ့ရွာတွေကို အိမ်တွေရှိတဲ့ရွာတွေကို အဲဒါတွေကို ထိုးတာမဟုတ်ဘူး။ မီးလောင်ပြင် ဖြစ်သွားတဲ့ရွာတွေ ရှိတယ်။ မီးလောင်ပြင်ဖြစ်တဲ့အတွက်ပြန်ပြီးတော့ နေအိမ်အသစ်တွေ ဆောက်မယ်လို့ ရှင်းနေတယ်လို့ကျွန်တော်တို့သိတယ်။ ဘူဒိုဇာကတော့ ပြန်လည်တည်ဆောက်ရေးလုပ်တဲ့အခါမှာသုံးတယ်။ ပြန်လည်နေရာချထားရေး ပြန်လည်တည်ဆောက်ရေးလုပ်ဖို့အတွက်သုံးတာ မီးလောင်ပြင်တွေကိုထိုးတာ ” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

ယူကေအခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က နေရပ်စွန့်ခွာပြေးနေသည့် ဘင်္ဂါလီ များ၏ နေအိမ်များကို ဘူဒိုဇာများဖြင့် ထိုးဖျက်နေခြင်း ရပ်ဆိုင်းရန် မြန်မာအစိုးရအား တိုက်တွန်းပြောဆိုခဲ့ ပြီး၂၀၁၇ နှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရမှ  ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာပေါင်း ၅၀ ကျော် အား ဘူဒိုဇာများဖြင့် ထိုးကာဖြိုဖျက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘူဒိုဇာဖြင့် မီးလောင်ပြင်အား ရှင်းလင်းခြင်းကိစ္စအပေါ် အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိဟု မောင်တောမြို့နယ်လွတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက မဇ္ဈိမသို့ ယနေ့ ညနေပိုင်းတွင် ပြောသည်။

လူဦးရေ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားရသည်ဟုလည်း HRW က ပြောထားပြီး ရွာများကို မူလအတိုင်းထားရှိရန် HRW ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Brad Adams ဘရက်ဒ် အဒမ်စ် က ပြောသည်။

" ဒီ ကိစ္စတွေမှာ တာဝန်ရှိသူတွေကို ခွဲခြားဖော်ထုတ်နိုင်ဖို့အတွက် ကုလခန့်အပ်တဲ့ ပညာရှင်တွေ စစ်ဆေးနိုင် အောင်လို့ ဒီရွာတွေကို ဒီအတိုင်းပဲ ထားသင့်ပါတယ်" ဟု HRW ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Brad Adams ဘရက်ဒ် အဒမ်စ် က ပြောသည်။

" ဒီနေရာတွေကို ခုလို ဖြိုဖျက်ပစ်နေတာက တရားဝင်အထောက်အထား မှတ်တမ်းတွေကို ဖျက်ပစ်ဖို့ ခြိမ်းခြောက်သလို ဖြစ်နေပါတယ်" ဆိုပြီး ၎င်းက ယမန်နေ့က ထပ်လောင်းပြောခဲ့သည်။

ယူကေအခြေစိုက် လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) သည် ရခိုင်ပြည်နယ်တွင် မြန်မာ အစိုးရနှင့် တပ်မတော်တို့နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စများကို   ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly