သမ္မတ၊ ကာချုပ်တို့ နှင့် တွေ့ဆုံမည့်ရက် တိုင်းရင်းသားများ မဆုံးဖြတ်ရသေး

သမ္မတ၊ ကာချုပ်တို့ နှင့် တွေ့ဆုံမည့်ရက် တိုင်းရင်းသားများ မဆုံးဖြတ်ရသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမည့်ရက်ကို မဆုံးဖြတ်နိုင်သေးကြောင်း ထိပ်သီးခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာက သြဂုတ် ၂၅ရက်တွင် မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ ညှိနေပါတယ်။ တိုင်းရင်းသားအများစုက စက်တင်ဘာလောက် ဖြစ်ချင်တယ်။ အစိုးရဖက်ကကျတော့ ဝေးလွန်းတယ်လို့ ဆိုတယ်။ ရက်အတိအကျ သိရဖို့ကိုတော့ နဲနဲတော့စောင့်ပါဦး။" ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက် ၃၃ ခုကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့က သြဂုတ်လ တတိယအပတ်အတွင်း၌ ပြုလုပ်သည့် ၉ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

ယင်းစာချုပ်ကို တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး အတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နေပြည်တော်တွင် ဆွေးနွေးကြဦးမည် ဖြစ်သည်။

ဦးသိန်းစိန်သည် တရုတ်နိုင်ငံ၌ ပြုလုပ်မည့် နှစ် ၇၀ပြည့် ဒုတိယကမ္ဘာစစ် အောင်နိုင်ရေး အခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် တက်ရောက်ရန် ဖိတ်ကြားခံထားရပြီး တက်ရောက်မည် ဟုလည်း အကြောင်းပြန်ထားကြောင်း သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။

"တွေ့ဖို့ရက်ကို အတိအကျ ဆုံးဖြတ်ထားတာ မရှိသေးဘူး။ ကျွန်တော်နောက်ဆုံး သိထားတာတော့ အရင်ဆုံး လက်မှတ်ထိုးပြီး ဖွင့်ချင်တာ။ ကျန်တဲ့အဖွဲ့တွေကို Open Book အနေနဲ့ ဆက်ပြီးသွားမယ်ဆိုတဲ့ အရင်ကတည်းက အစိုးရအဖွဲ့မူဝါဒပဲ။ အဲဒီရက်တွေဘာတွေတော့ ဦးအောင်မင်းတို့ကို မေးမှပဲသိလိမ့်မယ်။" ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ ၉ ကြိမ်မြောက် အစည်းအဝေးပြီးနောက် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး သမ္မတနှင့် ဆွေးနွေးမည့် ရက်အတိအကျကို ယခုအချိန်ထိ တိုင်းရင်းသားများ ဖက်က သတ်မှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာန (MPC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကလည်း မဇ္ဈိမကို ပြောသည်။

"ပထမတုန်းက ၁၉ရက်နေ့နောက်ပိုင်းလို့ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ ၂၅ရက်နဲ့ ၂၈ရက်အတွင်းလို့ တိုင်းရင်းသားတွေဖက်က ပြောနေတယ်လို့ သိရပေမယ့် ဘယ်ရက်ဆိုတာကို အတိအကျမပြောသေးဘူး။ သူတို့ရက်အတိအကျပြောတာနဲ့ အဲဒီအနီးစပ်ဆုံးရက်က ဆွေးနွေးဖြစ်မှာပါ။" ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အဖွဲ့အားလုံးပါဝင်ရေး သမ္မတနှင့်ဆွေးနွေးနိုင်ရန် ချင်းမိုင်တွင် ညီလာခံအဆင့်ရှိသည့် အစည်းအဝေးကို ၂၃ရက်နှင့် ၂၄ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးအရ ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ မူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အေဘယ်လ်တွစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုဗိုလ်ချုပ်ကြီးဆေထင်တို့ အပြင် SD အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် နော်စီးဖိုးရာစိန်၊ ဒေါက်တာလားဂျာနှင့် ပူးဇင်းကျုံးတို့ သွားရောက်ဆွေးနွေးမည်ဖြစ်သည်။

ကိုယ်စားပြု ဆွေးနွေးမည့်အဖွဲ့များနှင့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်ပြီးသော်လည်း ဆွေးနွေးမည့်ရက်ကိုမူ တိုင်းရင်းသား တို့အကြားဆုံးဖြတ်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။

အစိုးရကမူ အဆင့်မြင့်ခေါင်းဆောင်များအဖွဲ့ SD အဖွဲ့ဝင် ၁၇ဖွဲ့မှ ၁၅ဖွဲ့ဖြင့်သာ NCA ကို လက်မှတ်ရေးထိုးလိုပြီး ကျန်ရှိသည့်အဖွဲ့များအနေဖြင့် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်းဖြင့် အပစ်ရပ်စဲရန်သာ ဆန္ဒရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထုတ်ဖော်ပြောဆိုထားသည်။

တိုင်းရင်းသားတို့နှင့် ဆွေးနွေးရာတွင် သမ္မတနှင့်အတူပါဝင်မည့် ကာကွယ်ရေးဦးစီးချုပ်ကလည်း ကိုးကန့်အဖွဲ့ MNDAA သည် အချုပ်အခြာအာဏာထိခိုက်ခြင်း၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သည် MNDAA ကို ကူညီခဲ့ပြီး လက်နက်စွန့်ကြရမည်ဟုပြောသည်။ ရခိုင်တပ်မတော် AA အဖွဲ့မှာလည်း KIA မှ မွေးထုတ်လိုက်သည့် လက်အောက်ခံ အဖွဲ့သာဖြစ်သည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံစဉ်က ပြောထားသည်။

ယင်းအပြင် အပစ်အရပ်စာချုပ် လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့များအနေဖြင့် သဘောတူညီထားသည့် အတိုင်း SSR/DDR ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်အတွက် ကာလတစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန်မလိုသေးဘဲ ထိန်းသိမ်းထားနိုင်ပြီး၊ SSR/DDR လုပ်ငန်းစဉ် စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly