အောင်လပွဲက လုပ်ပွဲလား

အောင်လပွဲက လုပ်ပွဲလား
 

 

ဖေဖော်ဝါရီ ၂၃ ရက်ကကျင်းပခဲ့တဲ့ One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲမှာ အောင်လအန်ဆန်းက မာချားဒိုကို ၅၆ စက္ကန့်နဲ့တင်အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

ပွဲသိမ်းစောခဲ့တာကြောင့် ပရိသတ်တချို့က အားမလိုအားမရဖြစ်ခဲ့ကြရပြီး ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ပွဲအပြီးမှာတော့ အနိုင်ရဖို့အတွက် ဘယ်လိုတွေလေ့ကျင့်ခဲ့ရတယ်ဆိုတာ အောင်လက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မာချားဒိုဟာ အောင်လရဲ့ညာခြေကန်ချက် ခေါင်းကိုထိမှန်ပြီးလဲကျသွားခဲ့ရာက ဒိုင်ပွဲရပ်နဲ့ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲ အခြေအနေနဲ့ပတ်သက်ပြီး One Championship ကို မြန်မာနိုင်ငံကိုစတင်မိတ်ဆက်လာခဲ့သူ ဦးဇေသီဟကလည်း အခုလို ပြောဆိုခဲ့ပါတယ်။

“အောင်လ ညာခြေကန်ချက် ပြင်းတယ်။ မာချက်ဒို ဘယ်လက်နဲ့ကာလိုက်နိုင်တယ်။ မာချက်ဒို လဲကျသွားတယ်။ ဘယ်လို လဲကျတာလဲဆိုတာ ကြည့်ဖို့လိုပါတယ်။

ညာခြေထိလို့ လဲကျတယ်ဆိုရင် အဲဒီ အရှိန်အရ ချက်ချင်း မာချက်ဒိုရဲ့ ညာဘက်တည့်တည့်ကို ခြေကန်ချက် အထိနဲ့ အတူ လဲကျရမှာပါ။

ဒါပေမဲ့ မာချက်ဒိုဟာ ခြေကန်ထိချက်နဲ့အတူ ညာဘက်ကို ချက်ချင်းမလဲပဲ သူ့ရဲ့ ညာခြေ တစ်ချက်ထောက်ပြီး ဟန်ချက်ထိန်းဖို့ ကြိုးစားရင်းက အနောက်ဘက်ကို ယိုင်လဲတာဖြစ်နေပါတယ်။

ဒီအချက်က ဒိုင်ကို ပွဲရပ်ဖို့ ခိုင်လုံသွားစေတာဖြစ်တဲ့အပြင် အောင်လရဲ့ နောက်ဆက်တွဲ လက်သီးအတွဲတွေဟာ ထပ်မံ ထိခဲ့မယ်ဆိုရင် မာချက်ဒိုအတွက် အန္တရာယ် များလွန်းသွားပါမယ်။

အောင်လရဲ့ နောက်ဆက်တွဲ လက်သီး ထိတာမထိတာထက် မာချက်ဒိုရဲ့ တုန့်ပြန်မှု ရုတ်တရက် ကျဆင်းသွားတာကို သတိထားမိလိုက်တဲ့အတွက် ဒိုင်ပွဲရပ်နဲ့ ဆုံးဖြတ်ခဲ့တာလို့မြင်ပါတယ်”လို့ ဦးဇေသီဟက သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်းဟာ One Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်နှစ်ခုကို ရရှိတဲ့ ပထမဆုံးဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly