YBS ၂၁ ယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှုဖြစ်၊ တစ်ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

YBS ၂၁ ယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှုဖြစ်၊ တစ်ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ
ဓာတ်ပုံ- Chit Ko Gyi

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ။                ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၊ တပ်မတော်လေ့ကျင့်ရေးဘောလုံးကွင်းအနီး၊ တပ်မတော်ဆေးအိမ်ထောင်သည်လိုင်းခန်းရှေ့တွင် YBS ၂၁ ယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ YBS ၂၁ ခရီးသည်တင်ယာဉ်နှင့် ကြက်စာပုဇွန်မှုန့်အိတ်များတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၅ နာရီ၊ မိနစ် ၂ဝ ခန့်အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“YBS ၂၁ က မင်္ဂလာဒုံဘက်ကနေ တညင်းကုန်းဘက်ကိုလားရာ၊ ကုန်ကားက တညင်းကုန်းဘက်နေ မင်္ဂလာဒုံ ဘက်ကို လားရာပေါ့။ YBS ၂၁ ယာဉ်က ကုန်ကားရဲ့ ယာဉ်ကြောထဲကိုဝင်တိုက်တာ။ လမ်းပြောင်းပြန်ပေါ့။ ဒဏ်ရာရရှိသူ ၄ ဦး၊ ကုန်ကားက စပယ်ရာ သေဆုံး။ နေရာမှာတင် ပွဲချင်းပြီး”ဟု သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် YBS ၂၁ ယာဉ်မောင်းဖြစ်သူအား တပ်မတော်ကုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကုန်ကား ယာဉ်မောင်းနှင့် သေဆုံးသူ ရုပ်အလောင်းအား မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags