မိုဂါဒစ်ရှူးတွင် ကားဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး သေဆုံး

မိုဂါဒစ်ရှူးတွင် ကားဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး သေဆုံး

 

မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၂၄ ။                    ။ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်တွင် ဖေဖော်ဝါရီ ၂၄ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်၍ လူပေါင်း ၁၈ ဦး သေဆုံးပြီး ဒဏ်ရာရသူပေါင်း ၂၀ ရှိကြောင်း အရေးပေါ်ပင်မဌာနက ပြောသည်။

ယခုတိုက်ခိုက်မှုကို ဂျီဟတ်သူပုန်များက ၎င်းတို့ ကျုးလွန်ကြောင်း ကြေညာသည်။

“ပေါက်ကွဲတဲ့ တစ်နေရာက ခုထိ ရုပ်အလောင်း ၁၈ လောင်းကို ကောက်ယူရရှိပြီး ဒဏ်ရာရသူက ၂၀ ရှိပါတယ်။”ဟု အရေးပေါ်ပင်မဌာနမှ တာဝန်ရှိသူ အဗ္ဗဒူရက်မန်းအဒင်က အေအက်ဖ်ပီသို့ ပြောသည်။

ယခု ကားဗုံးနှစ်လုံးသည် သမ္မတ အိမ်တော်ရာနှင့် မြို့ရှိ ဟိုတယ်တစ်ခုတို့အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရဲဌာနက ထုတ်ပြန်သည်။

သမ္မတ အိမ်တော်ရာ Villa Somalia က စစ်ဆေးရေးဂိတ်စခန်းတစ်နေရာတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီး ပထမကားဗုံး ပေါက်ကွဲခြင်း ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဟိုတယ်တွင်ပါ နောက်ထပ်ကားဗုံး ပေါက်ကွဲခြင်း ဖြစ်သည်။

“သမ္မတအိမ်တော်ရာ အနီးဝန်းကျင်မှာ တိုက်ခိုက်မှုဖြစ်တာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။”ဟု ရဲတာဝန်ရှိသူ အီဘရာဟင်မိုဟာမတ်က ဆိုသည်။

“နောက်ထပ် ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားတစ်စီးကတော့ ဖွင့်တာမကြာသေးတဲ့ ဟိုတယ်တစ်လုံးအနီးမှာ ပေါက်ကွဲတာပါ။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ဖြစ်သည့် Shabaab အဖွဲ့က အွန်လိုင်းမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ပြီး အစိုးရနှင့် လုံခြုံရေးဌာနများကို ပစ်မှတ်ထားကာ ၎င်းတို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

Shabaab အဖွဲ့သည် နိုင်ငံတကာထောက်ခံမှုပေးနေသော အစိုးရအား ဖြုတ်ချရေးအတွက် တိုက်ပွဲဆင်လျက် ရှိနေသည့် အဖွဲ့ဖြစ်သည်။ အောက်တိုဘာအတွင်းက ၎င်းအုပ်စုသည် အသေအကျေများသော ဗုံးခွဲတိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြရာ လူပေါင်း ၅၀၀ ကျော်မက သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly