မြောက်ကိုရီးယားအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်

မြောက်ကိုရီးယားအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ။              ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံများစွာတွင် ရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီ ၂၇ ခုနှင့် ကုန်တင်သင်္ဘော ၂၈ စီးတို့အား စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို ပြဌာန်းချမှတ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်၌ ကြေညာသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအား ပိုမိုဖိအားဖြစ်စေပြီး အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ်သည်ဟု ယင်းဝန်ကြီးဌာနက ပြောသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်း အကျပ်ဆိုက်အောင် လုပ်ဆောင်နေသော အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုတစ်ရပ်လည်း ဖြစ်သည်။

ယခု ဒဏ်ခတ်ပိတ်ဆို့သစ်အားဖြင့် မြောက်ကိုရီးယားနိုင်ငံအား ဥပဒေနှင့် ဆန့်ကျင်သော ရေကြောင်းကုန်သွယ်သွားလာမှုများမှ ပိတ်ဆို့နိုင်မည်ဖြစ်ပြီး ကင်ဂျုံးအွန်အစိုးရသို့ ငွေကြေးစီးဆင်းမှုကိုလည်း ဖြတ်တောက်ပစ်နိုင်မည်ဟု ဆိုသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်တိမ်းပြီး မြောက်ကိုရီးယားရဲ့ တရားမဝင် ရေလမ်းကြောင်း အသုံးပြုနေမှုတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနက ထိထိရောက်ရောက် ပစ်မှတ်ထားပါတယ်။   မြောက်ကိုရီးယားနဲ့ ဆက်နွယ်လှုပ်ရှားမှုရှိတဲ့ ကုန်တင်သင်္ဘောတွေ၊ ရေကြောင်းကုမ္ပဏီတွေကို ဦးတည်ချမှတ်လိုက်တာ ဖြစ်ပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုသည် တရုတ်၊ ပနားမား၊ တန်ဇန်နီးယား၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ မာရှယ်ကျွန်းနှင့် ကိုမိုရို့တို့တွင် တည်ရှိကာ မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘောများ၊ ကုမ္ပဏီများကို ဦးတည်ချမှတ်သော ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများသည် ကျောက်မီးသွေး တင်ပို့မှုနှင့် လောင်စာဆီ တင်သွင်းမှုကို နိုင်ငံတကာက မြောက်ကိုရီးယားအား တားမြစ်ထားသည်ကို ရှောင်တိမ်းကာ အကူအညီပေးနေကြသည်ဟု သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required