ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ ပြုလုပ်မည့်ကိစ္စ ခြိမ်းခြောက်ခံရဟုဆို

ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ ပြုလုပ်မည့်ကိစ္စ ခြိမ်းခြောက်ခံရဟုဆို

ရန်ကုန် ဖေဖော်ဝါရီ ၂၃ ။            ။ ဦးဝီရသူအား အရေးယူပေးရန်နှင့် သံဃာတော်များနှိုးဆော်ခြင်းခေါင်းစဉ်ဖြင့် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်နေသည့်ကိစ္စအပေါ် ခြိမ်းခြောက်ခံရခြင်းများ ရှိနေသည်ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မိန့်ကြားလိုက်သည်။

ယနေ့နံနက်ပိုင်းက ဦးသုစိတ္တက ဖုန်းဖြင့် ဆက်သွယ်မိန့်ကြားခြင်း ဖြစ်သည်ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မဇ္ဈိမသို့ မိန့်သည်။

" မနက်ကတော့ မျိုးချစ်သမဂ္ဂရဟန်းတော်များက ဦးသုစိတ္တဆိုပြီး ဦးဇင်းဆီကို ဖုန်းဆက်တာပေါ့ နော်၊ ဦးသုစိတ္တ ဆိုကတည်းက ဦးဇင်းတို့ အရင်က ဝရမ်းထုတ်ထားတာကိုး၊ အဲဒါ သူက နေပြီးတော့ တော်ဝင်နှင်းဆီ မှာ ကျင်းပမှာလား၊ မြန်မာသတင်းဂျာနယ်ရုံးမှာ ကျင်းပမှာလား၊ ခဏ ခဏ ဖုန်းတွေ ဆက်ပြီးမေးတယ်၊ ဦးဇင်းကတော့ သူ့ကို လက်ခံစကားမပြောပါဘူး၊ သူက ဝရမ်းထုတ်ထားတာဆိုတော့ လက်ခံစကားပြောလို့ မရဘူးလေ" ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင်တည်ရှိသည့် ဆရာတော် မင်းသုည၏ ဘုန်းတော်ကြီးကျောင်းကိုလည်း လက်နက်ကိုင်အဖွဲ့နှင့် ဖယ်ရှားမည် ဆိုသည့် ခြိမ်းခြောက်မှုတစ်ရပ်လည်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေကြောင်း သိရသည်။

" အဲဒါက အရှင်သုမနဆိုတဲ့ တစ်ပါးကနေပြီးတော့ အင်တာနက်က စာလာပို့တယ်၊ ဦးဝီရသူကို ဦးဇင်းက သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆို လို့ သံဃာတွေ သြဝါဒခံယူပြီးတော့ လက်နက် ကိုင်အဖွဲ့နဲ့ ဦးဇင်းကျောင်းကို ဖယ်ရှားမယ်ဆို ပြီး စာလာပို့ထားတာပေါ့"ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။

ယင်းသို့ ခြိမ်းခြောက်မှုများရှိနေသော်လည်း အဆိုပါသတင်းစာရှင်းလင်းပွဲကို အချိန်နှင့် နေရာ မပြောင်းလဲဘဲ ဆက်လက်ဆောင်ရွက် သွား မည်ဟု ဆရာတော်က ဆက်လက်မိန့်သည်။

" မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးဖို့ လိုလား တယ်၊ ဒီလိုမျိုး အကြမ်းဖက်အသွင်သဏ္ဍာန်တွေနဲ့ ခြိမ်းခြောက်  ပြောဆိုတာ၊ ဒါတွေက တရားဥပဒေနည်းလမ်းလည်း မကျဘူးပေါ့နော်၊ တရားဥပဒေအပြင်ဘက်မှာ ဖြစ်နေတယ်ပေါ့၊ ဦးဇင်းတို့ကတော့ တရားဥပဒေစိုးမိုးစေချင်တယ် ပေါ့" ဟု မိန့်ကြားသည်။

ဆရာတော်ဦးဝီရသူအား အရေးယူပေးရန်နှင့် သံဃာတော်များနှိုးဆော်ခြင်းခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ကို လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန် ယက်ရုံးတွင် ပြုလုပ်သွားမည်ဖြစ်သည်။

သာသနာတော်ကို အကြည်အညိုပျက်စေ၍ ထိ ခိုက်လာသည့် လုပ်ရပ်များကို သက်ဆိုင်ရာက သိရှိ အရေးယူနိုင်ရန် ရွှေဝါရောင်သံဃာတော် များအပါအဝင် ဗုဒ္ဓသာသနာသန့်ရှင်းရေး လို လားသည့်သံဃာတော်များ ပါဝင်၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆရာတော်မင်းသုည (ဗုဒ္ဓ တက္ကသိုလ်) က မိန့်ကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြင့်တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းဝေးတွင် ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုက သာ သနာတော်တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေထိုင်ပြီး ဝိနည်းတော်နှင့်မညီသည့် ရဟန်းသံဃာတော်များကို ဓမ္မစက်ကနေ အာဏာစက်ဖြင့် အရေးယူနိုင်ရေး ညွှန်ကြားပေးရန် လျှောက်ထားခဲ့ ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required