ဥပဒေမဲ့ ပြောခဲ့တဲ့ဟာ တစ်ခုမှ မရှိဘူးဟု ဇေယျာဖြိုး ပြော

ဥပဒေမဲ့ ပြောခဲ့တဲ့ဟာ တစ်ခုမှ မရှိဘူးဟု ဇေယျာဖြိုး ပြော
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃ ။             ။ တရားလွှတ်တော်ရှေ့နေဦးကိုနီအား ရန်ကုန်လေဆိပ်၌ အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်း အမှုတွဲတွင် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခံထားရသော ဇေယျာဖြိုးက မီဒီယာများအားပေးခဲ့သည့်စာရွက်နှင့်ပတ်သက်ပြီး “ကျွန်တော် ဥပဒေမဲ့ပြောခဲ့တဲ့ဟာ တစ်ခုမှ မရှိဘူး” ဟု ယနေ့ ပြောဆိုခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးကို ရုံးထုတ်ခဲ့ပြီး တရားခွင်မှ အထွက်တွင် ဇေယျာဖြိုးက မီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော် မီဒီယာတွေကိုပေးခဲ့တဲ့ စာရွက်ပါ အချက်အလက်နဲ့ ပတ်သက်ပြီးတော့မှ ရုံးကို တရားလိုဘက်က ဦးတိုက်လျှောက်တယ်။ တရားရုံးကတော့ လက်မခံပါဘူး။ ကျွန်တော်က ဥပဒေမဲ့ ပြောခဲ့တဲ့ဟာတစ်ခုမှ မရှိဘူး။ မီဒီယာတွေ အမှန်တရားကို ဖော်ထုတ်ပေးပါ။ တရားရုံးရဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကို သိအောင်လုပ်ပေး ပါလို့ ကျွန်တော်ပြောခဲ့တာပဲရှိတယ်။ လွတ်လပ်စွာတရားစီရင်ရေး ရဖို့အတွက် ကျွန်တော်ပြောတာပါ။ ဘာ ကြောင့်မို့လို့ သူတို့က အမှန်တရားကို ဘာကြောင့် ဖုံးကွယ်ချင်နေကြတာလဲ။ ဘာကြောင့် အမှန်တရားကို မပေါ်ပေါက်စေချင်တာလဲ။ မီဒီယာတွေ မေးကြည့်ပေးပါ”ဟု ဇေယျာဖြိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇေယျာဖြိုးမှာ ပြီခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ရုံးချိန်းတွင် “ ဦးကိုနီက အသတ်ခံရတာပါ။ ကျွန်တော်က အကြိမ်ကြိမ်လုပ်ကြံခံနေရတာပါ”ဆိုသည့် စာသားဖြင့် အစချီကာ မင်နီဖြင့် ရေးသားထားသည့် စာမျက်နှာ ၂ မျက်နှာပါ စာရွက်ကို မီဒီယာများကို ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာရွက်ထဲတွင်ပါရှိသည့် စာသားများမှာ တရားရုံးအပါအဝင် ဥပဒေအရာရှိများ၊ တရားလိုဘက်မှ လိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများကို ထိခိုက်စေသဖြင့် သေဆုံးသူ အငှားယာဉ်မောင်းဦးနေဝင်း မိသား စုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မှတ်တမ်းတဝင် အရေးယူဆောင်ရွက်ပေးပါဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်တာပေါ့။ သို့သော်လည်းပဲ ဥပဒေအရာရှိကလည်း ဒါတရားရုံးပြင်ပမှာ ဖြစ်တဲ့ကိစ္စဖြစ်တယ်လို့ တရားရုံးကိုတင်ပြလိုက်တော့ တရားရုံးက တရားရုံးပြင်ပမှာဖြစ်တဲ့ကိစ္စဆိုရင်တော့ သူတို့အနေနဲ့ မှတ်တမ်းလည်း မတင်ပေးနိုင်ဘူးတဲ့။ ကျွန်တော်တို့ လည်း ဘာမှမတတ်နိုင်ဘူး။ အမှန်ကတော့ တရားခွင်မှာရေးတဲ့ကိစ္စပဲ။ တရားခွင်မှာ ရေးတာမဟုတ်ရင် ထောင် မှာရေးတာ။ အဲ့ဒါဆိုရင် ထောင်က တာဝန်ရှိတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဇေယျာဖြိုးမှာ အောင်ဝင်းခိုင်က ငွေလိုအပ်ကြောင်း ပြောဆိုခဲ့သဖြင့် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်ခန့်တွင် အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,ဝဝဝ ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ အောင်ဝင်းခိုင်က ရှေ့နေဦးကိုနီကို သတ်ရန် ကြိုတင်ငွေအဖြစ် ၂ဝ၁၆ ခုနှစ်၊ ဧပြီလတွင် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်အား ကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ထပ်မံငွေလိုအပ်သဖြင့် အောင်ဝင်းခိုင်က ဇေယျာဖြိုးကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ရုံးချိန်းတွင် တရားသူကြီးက ရှေ့နေဦးကိုနီ အား ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦးကို သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူး ကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ ဖြင့် စွဲချက်တင်အမိန့်ချခဲ့သည်။

အောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကျပ်သိန်း ၅ဝဝ ဖြင့် ခရိုင်တရားရုံးမှ အာမခံပေးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ရုံးချိန်းတွင် ပြန်ခေါ်သက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး ယနေ့ ရုံးချိန်းထိ ပြန်ခေါ် သက်သေ ၁၆ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ခရိုင်တရားသူကြီးက ကျန်ရှိသည့် ပြန်ခေါ်သက်သေများကို စစ်ဆေးနိုင် ရန်အတွက် လာမည့် မတ်လ ၈ ရက်နှင့် ၉ ရက်နေ့ အား ပြန်လည်ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly