အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ တစ်ထောင်နီးပါး ရောက်ရှိနေ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ တစ်ထောင်နီးပါး ရောက်ရှိနေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ။                          ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားစာ ၉၄၉ စောင် ရောက်ရှိနေပြီး ရန်ကုန်တိုင်း အတွင်းမှ တိုင်ကြားစာ ၁၀၀ ဖြင့် အများဆုံးဖြစ်နေသည်ဟု ကော်မရှင်ပြန်ကြားရေးဌာနမှ မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

"အခုလက်ရှိကတော့ ၉၄၉ စောင်ပဲ ထုတ်ပြန်ထားပါတယ်။ နေ့စဉ် စာတွေတော့ ဝင်တာတွေ ရှိနေပါတယ်။ ကြေညာချိန် ရောက်ရင် ထုတ်ပြန်ပေးပါမယ်" ဟု ကော်မရှင် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကော်မရှင်သို့ တိုင်ကြားစာပေါင်း ၉၄၉ စောင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားခံရမှု စာရင်းများထဲတွင် ရန်ကုန်တိုင်းမှ အမှု ၁၀၀ ၊ မန္တလေး တိုင်းမှ ၈၄ မှု ၊ဧရာဝတီတိုင်းမှ အမှု ၄၀ ၊ ပဲခူးတိုင်းမှ ၃၉ မှု ၊ စစ်ကိုင်းတိုင်းမှ အမှု ၃၀ ၊ နေပြည်တော်မှ ၁၆ မှု နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များမှ အမှုများလည်း အပါအဝင်ဖြစ်ကာ စိစစ်ဆဲအမှုမှာ ၅၅၅ မှု ကျန်ရှိနေသေးသည်ဟု သိရသည်။

တိုင်ကြားမှုများတွင် ဌာန/ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စ တိုင်ကြားမှု ပေါင်း ၁၇၄ မှု၊ စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေး ဆိုင်ရာလွဲမှားဆောင်ရွက်ခြင်း အမှုပေါင်း ၇၇ မှု၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ အမှုပေါင်း ၆၅ မှု ၊ မြေယာကိစ္စ (လယ်ယာမြေ စီမံခန့်ခွဲရေးကိစ္စ) အမှုပေါင်း ၅၅ မှု ၊ အထွေထွေကိစ္စရပ် အမှုပေါင်း ၁၈ နှင့်  စိစစ်ဆဲအမှုမှာ ၅၅၅ မှု ကျန်ရှိနေသေးသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ၁၂ ဦးသည် ထွက်ပြေးလွတ်မြောက်နေပြီး ယင်းတို့အား ဖမ်းဆီးရမိရန် သတင်းပေးတိုင်ကြားနိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၂၁ရက်နေ့ တွင် ထုတ်ပြန်ကြေညာထားသည်။

ယင်းတရားခံပြေး ၁၂ ဦးသည် အစိုးရဌာနဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ တရားရေးဆိုင်ရာ ဝန်ထမ်းများ အများစု ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly