ကိုင်လီဂျန်နာ၏ မှတ်ချက်အပြီး ဒေါ်လာ ၁.၃ ဘီလျံခန့် ဆုံးရှုံးနစ်နာသွားသည့် Snap ကုမ္ပဏီ

ကိုင်လီဂျန်နာ၏ မှတ်ချက်အပြီး ဒေါ်လာ ၁.၃ ဘီလျံခန့် ဆုံးရှုံးနစ်နာသွားသည့် Snap ကုမ္ပဏီ

နာမည်ကြီးမော်ဒယ်ဖြစ်သူ ကိုင်လီဂျန်နာက Snap လူမှုမီဒီယာကုမ္ပဏီ၏ အက်ပလီကေးရှင်းဖြစ်သော Snapchat နှင့်ပတ်သက်ပြီး တွစ်တာပေါ်၌ မှတ်ချက်ပေးခဲ့ပြီးနောက်တွင် ယင်းကုမ္ပဏီ၏ စတော့ရှယ်ယာ တန်ဖိုးများသည် သိသိသာသာကျဆင်းသွားခဲ့ပြီး ဒေါ်လာ ၁.၃ ဘီလျံခန့် ဆုံးရှုံးနစ်နာသွားခဲ့ကြောင်း သိရသည်။

နာမည်ကြီးမော်ဒယ် ကင်မ်ကာဒါရှန်းနှင့် ညီအစ်မတော်စပ်သော ကိုင်လီဂျန်နာက သူမ၏တွစ်တာ၌ “ဘယ်သူမှ Snapchat ကို မဖွင့်ကြတော့ဘူးပေါ။ ဒါမှမဟုတ် ကျမတစ်ယောက်တည်းလား။ အင်း..ဒါက သိပ်ဝမ်းနည်းဖို့ ကောင်းတာပဲ” ဟု သူမ၏ တွစ်တာ၌ မှတ်ချက်ပေးခဲ့သည်။

ဒီဇိုင်းပြန်ဆွဲထားသော Snapchat အက်ပလီကေးရှင်းနှင့်ပက်သက်၍ ဂျန်နာက ပရိသတ် ၂၄.၅သန်းရှိသော သူမ၏လူမှုမီဒီယာ၌ ယခုလိုမှတ်ချက်ပေးပြီးနောက်တွင် Snap ၏ စတော့ရှယ်ယာတန်ဖိုးများသည် သိသိသာ သာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် လူပေါင်းတစ်သန်းခန့်ကလည်း Snap အနေဖြင့် ယင်းအက်ပလီကေးရှင်းဒီဇိုင်းကို ပြန်ပြောင်းပေးရန် တောင်းဆိုနေကြသည့်အတွက်လည်း ယခုလိုရှယ်ယာတန်ဖိုးများ ကျဆင်းရခြင်းဖြစ်သည်ဟု သိရသည်။

Snap ၏ရှယ်ယာတန်ဖိုးမှာ ဝေါစတရိ၌ ၆ ရာခိုင်နှုန်း ကျဆင်းကာ ဈေးပိတ်သွားခဲ့ပြီး လက်ရှိစကော့ဈေးကွက် အတွင်း၌ ၎င်း၏တန်ဖိုးမှာ စကော့တစ်ခုလျှင် ၁၇ ဒေါ်လာခန့်အထိ ဈေးကျသွားခဲ့သည်။

Snapchat သည် ဖေ့စ်ဘုတ်၏ အင်စတာဂရမ်နှင့် ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိနေပြီး အထူး သဖြင့် ကိုင်လီဂျန်နာတို့လိုမျိုး လူသိများသည့်သုံးစွဲသူများ၏ မှတ်ချက်တို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းကိစ္စကို စိုးရိမ်လျက်ရှိသည်။

ယင်းသို့ မှတ်ချက်ပေးပြီးနောက် များမကြာမီတွင် ကိုင်လီဂျန်နာက “Snap ကိုတော့ ချစ်နေတုန်းပါပဲ။ ကျမရဲ့ အချစ်ဦးပါ” ဟု ပြန်လည်မှတ်ချက်ပေးခဲ့သည်။

Snap သည် ၎င်းတို့၏ မက်ဆေ့အက်ပလီကေးရှင်းဖြစ်သော Snapchat ကို နိုဝင်ဘာလကတည်းက ပြန်လည် ဒီဇိုင်းပြန်ဆွဲနေခဲ့ပြီး လူအများ၏ မကျေနပ်ချက်များစွာနှင့် ရင်ဆိုင်နေရသော်လည်း ၎င်း၏ဘော့စ်ဖြစ်သူ အီဗန်စပီဂယ်လ်က သုံးစွဲသူများအနေဖြင့် ဒီဇိုင်းအသစ်နှင့်အသားကျသွားဖို့ အချိန်အနည်းငယ်လိုအပ်ကြောင်း ဖြေရှင်းချက်ပေးခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required