ခွဲခြားဆက်ဆံသည့်ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများဖြစ်လာနိုင်

ခွဲခြားဆက်ဆံသည့်ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများဖြစ်လာနိုင်

ဘန်ကောက်၊ သြဂုတ် ၂၅ ။          ။ နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် အခြေခံ လူ့အခွင့်အရေး ကိုချိုးဖောက်သော ဥပဒေနှစ်ခုကို လက်မှတ်ရေး ထိုးခြင်းအား  ငြင်းပယ်သင့်သည်ဟု လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့ (HRW) က သြဂုတ် ၂၄ တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၀ ရက်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဥပဒေများဟု ခေါ်ဆိုသည့် အငြင်းပွားဖွယ်ဖြစ်နိုင်သည့် ဥပဒေ လေးခု အနက်နှစ်ခုဖြစ်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်က  အတည်ပြု ခဲ့သည်။ အဆိုပါ အငြင်းပွားဖွယ်ဥပဒေလေးခုမှာ ဘာသာ ရေး ကို အခြေခံသည့် ခွဲခြားဆက်ဆံမှုကို ခိုင်မာစေ မည့်အပြင် ဘာသာရေးယုံကြည်ချက်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ရာလည်း ရောက်နေသည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

HRW၏ အာရှ ဒု-ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်က  ‘ဒီလိုဥပဒေကြမ်းနှစ်ခုကို အတည်ပြုပေး လိုက်တာဟာ ပါလီမန်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုလိုက်တာဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ တင်းမာတဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ဆက်ဆံရေးကို တောက်လောင်စေမဲ့၊ သမိုင်းဝင် ရွေးကောက်ပွဲ တွေမတိုင်ခင် ခိုင်မာမှုမရှိသေးတဲ့ အသွင်ကူးပြောင်းမှုကာလကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ် ‘ ဟု ပြောသည်။

" ဦးသိန်းစိန်အနေနဲ့ လူ့အခွင့်အရေးကို ရပ်တည်ကာကွယ်၊ ဥပဒေကို လက်မှတ်ထိုးဖို့ငြင်း ပယ်ပြီး ခိုင်မာတဲ့ဦးဆောင်မှုကို ပြသသင့်ပါတယ် " ဟုလည်း ၎င်းက ပြောသည်။

မေလက အတည်ပြုခဲ့သော  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေနှင့် ဇူလိုင်လက အတည်ပြု ခဲ့သော်လည်း ဥပဒေအဖြစ် လက်မှတ်မထိုးရသေးသည့် ဘာသာမတူသူများကြား လက်ထပ်မှုဥပဒေ ( မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ  အထူး ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ ) အပါအဝင် အငြင်းပွားဖွယ်ဥပဒေများကို ကျင့်သုံးရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) က  ၂၀၁၃ ခုနှစ်နောက် ပိုင်းကတည်းက အစိုးရကို ပထမဆုံးတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းက ဘာသာရေးဆိုင်ရာ ထုတ်ဖော်ကြေညာ မှုနှင့် ကူးပြောင်းမှုတို့ကို နိုင်ငံတော်က စည်းကမ်းသတ်မှတ်နိုင်သည်ဖြစ်ရာ ဘာသာတရားနှင့် အသိစိတ်လွတ်လပ်ခွင့်ကို နိုင်ငံတော်က ဝင်ရောက်စွက်ဖက်ခြင်းမှာ လုံး၀ မျှတမှုမရှိဟုလည်း HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းဥပဒေမှာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် အပိုဒ်ခွဲ ၁၈ နှင့် တိုက်ရိုက် ဆန့်ကျင် နေပြီး ယင်းအပိုဒ်ခွဲက လူတိုင်းတွင် တွေးခေါ်မှု၊ သိမြင်မှုနှင့် ဘာသာရေးလွတ်လပ်ခွင့် တို့ရှိသည် ဟုဖော်ပြထားသည်။ ထို့အပြင် ယင်းဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံသော ၂၀၀၈ အခြေခံ ဥပဒေနှင့်လည်း ဆန့်ကျင်နေသည်ဟုဆိုသည်။

ရောဘတ်ဆန်က  " တစ်ဦးချင်းစီရဲ့ ဘာသာရေးယုံကြည်မှုကို အနီးကပ်ထိန်းချုပ်ဖို့ ဒေသဆိုင်ရာ အရာရှိတွေကို ခွင့်ပေးလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ လမ်းကြောင်းတစ်ခုပါပဲ " ဟု ဆိုသည်။

ယင်းအပြင်  တစ်လင်တစ်မယားစနစ်ဥပဒေကြမ်းသည်လည်း ပြသနာရှိနေသည်ဟု HRW ကဆို သည်။ ယင်းဥပဒေက မြန်မာနိုင်ငံတွင်နေထိုင်သူတိုင်းနှင့် ပြည်ပတွင်နေထိုင်နေသော မြန်မာနိုင်ငံ သားများသာမက မြန်မာနိုင်ငံတွင် နေထိုင်စဉ် မြန်မာနိုင်ငံသားများနှင့် လက်ထပ် ထားသော နိုင်ငံခြားသားများနှင့်လည်း သက်ဆိုင်နေသည်။  

တခြားတစ်ဖက်တွင် အိမ်ထောင်ရေးကို အလေးမထားဘဲ အရွယ်ရောက်သူများကြား နှစ်ဦး သဘောတူလိင်ဆက်မှုပြုလုပ်နေခြင်းကို ဥပဒေအရ အပြစ်ဟု သတ်မှတ်ခြင်းသည် ကမ္ဘာလုံး ဆိုင်ရာလူ့အခွင့် အရေးကြေညာချက် အပိုဒ်ခွဲ ၁၂ပါ လွတ်လပ်မှုကို ချိုးဖောက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။  

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကို ဝင်ရောက် စွက်ဖက်ခြင်းအား ကန့်ကွက်သည်ဟုလည်း  မဘသ ဗဟိုဦးအောင် ကော်မတီဝင်၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်  ဓမ္မစက္က ဦးမောင်မောင် က ဆိုသည်။ ယင်းကဲ့သို့  ထုတ်ပြန်ခြင်းသည် ဖိအား ပေးခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းက  ‘ တကယ်တမ်းဆိုရင် ဒီမျိုးစောင့် ဥပဒေက ဘယ်သူ့မှ ထိခိုက်တာ မပါဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ အားလုံး မျှမျှတတ နဲ့ တစ်ယောက်ကို တစ်ယောက် နဲ့ လေးလေးစားစား နဲ့ ပေါင်းသင်း ဆက်ဆံဖို့အတွက်  ပြဿနာ တွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ ဥပဒေပါ။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဥပဒေလို့တောင် ခေါ်ပါသေးတယ်။ အမြင်တော့ မတူဘူးပေါ့။  သူ့အမြင် ကိုယ့်အမြင် လို့ သဘောထားပါတယ်’  ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲများနီးကပ်လာသည်နှင့် လူ့အခွင့်အရေးသတ်မှတ်ချက်များနှင့် မကိုက်ညီသော ဥပဒေများကို အတည်ပြုနေခြင်းက ဥပဒေပြုအမတ်များ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကတိ ကဝတ်များမှာ မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ရောဘတ်ဆန်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အဓိကကူညီထောက်ပံံ့နေသည့် ဂျပန်၊ အီးယူ၊ ယူကေနှင့် အမေရိကန်တို့ကလည်း အဆိုပါဥပဒေများကို ရှုတ်ချခဲ့ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly