နှစ်နိုင်ငံနယ်စပ် Zero Line ပေါ်တွင် ရှိနေသည့် ဘင်္ဂါလီများအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စိစစ်နေ

နှစ်နိုင်ငံနယ်စပ် Zero Line ပေါ်တွင် ရှိနေသည့် ဘင်္ဂါလီများအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စိစစ်နေ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ။                 ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းရှိ ဇီးရိုးလိုင်း(Zero Line) အတွင်း ဝင်ရောက်နေထိုင်သူများထဲတွင် အကြမ်းဖက်သမားများ ပါဝင်နေခြင်းရှိမရှိကို စိစစ်နေဆဲအနေအထားသာဖြစ်သည်ဟု မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"စစ်တုန်းပဲ ရှိပါသေးတယ်။ စိစစ်ဆဲ အနေအထားပဲရှိပါသေးတယ်။ စာရင်းကောက်တာတို့ ဘာတို့လုပ်ရဦးမယ်။ အသေးစိတ်တော့မသိသေးဘူး" ဟု ဦးရဲထူးက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံနယ်စပ်မျဉ်းရှိ ဇီးရိုးလိုင်း (Zero Line) တွင် ခိုလှုံနေထိုင်ကြသူ လူဦးရေ ၆,၅၀၀ ကျော် ရှိနေသည်။

ယင်းသို့ ဝင်ရောက် နေထိုင်သူ များထဲတွင် ARSA အဖွဲ့ခေါင်းဆောင်ပိုင်းမှ သား ၊ သမီးများ ပါဝင်နေသည်ဟု သတင်းများ ရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ၊ အဆိုပါ လူများအား မြန်မာနိုင်ငံဘက်မှ စာရင်းကောက်ယူသွားမည်ဟု အစိုးရအဖဲ့ွပြောရေးဆိုခွင့် ဦးဇော်ဌေးက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က တောင်ပြိုလက်ဝဲရှိ အထွေထွေအုပ်ချုပ်ရေးရုံး၌ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရိုင်အဆင့် နယ်စပ် အာဏာပိုင်များ တွေ့ဆုံခဲ့ပြီး လူနေခွင့်မရှိသည့် ဧရိယာအတွင်း ရောက်ရှိနေသူများကိစ္စ ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု အစိုးရဘက်မှ သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ဝင်ရောက်နေသူများအား နိုင်ငံတကာအဖွဲ့ INGO များမှ သွယ်ဝိုက်ထောက်ပံ့နေမှုများ ရှိနေပြီး ယင်းသို့ ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တားမြစ်ပေးစေလိုသည်ဟု   မြန်မာအစိုးရဘက်က တောင်းဆိုထားသည်။

ပြန်လည်ဝင်ရောက်လာမည့် လူ ၈,၀၀၀ ကျော်ကို ပထမဆုံးအသုတ်အဖြစ် ပြန်လည်လက်ခံရန် မြန်မာဘက်က စိစစ်မှုများ လုပ်ဆောင်နေစဉ် Zero Line တွင် နေထိုင်သူများအရေးကိစ္စက   ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly