အာဂျင်တီးနားရှိ ရုရှားသံရုံး၌ မူးယစ်ဂိုဏ်းသားများနှင့် ကိုကိန်း ၄၀၀ ကီလိုဂရမ် ဖမ်းဆီးရရှိ

အာဂျင်တီးနားရှိ ရုရှားသံရုံး၌ မူးယစ်ဂိုဏ်းသားများနှင့် ကိုကိန်း ၄၀၀ ကီလိုဂရမ် ဖမ်းဆီးရရှိ

 

ဗြူနိုအေးရိစ်၊ အာဂျင်တီးနား၊ ဖေဖေါ်ဝါရီ ၂၃ ။                ။ အာဂျင်တီးနားနိုင်ငံမြို့တော် ဗြူနိုအေးရိစ်မြို့ရှိ ရုရှားသံရုံး၌ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်အများအပြားနှင့် ကိုကိန်း ၄၀၀ ကီလိုဂရမ်ခန့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ကြောင်း အာဂျင်တီးနားလုံခြုံရေးဝန်ကြီးက ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

ရုရှားသံရုံး၌ဖမ်းဆီးရရှိခဲ့သော ကိုကိန်းများမှာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၅၀ ခန့်ရှိကြောင်း ဝန်ကြီးပတ်ထရီစီယာဘူးလ်ရစ်ချ်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

“မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးတွေကို ဥရောပတိုက်ကိုပို့ဆောင်ဖို့အတွက် ရုရှားသံရုံးက သံတမန်ရေးရာဆတ်သားဌာနကို အသုံးချဖို့ကြိုးစားနေစဉ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်” ဟု သူမက ဆိုခဲ့သည်။

ရုရှားသံတမန်တစ်ဦးက လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မူးယစ်ဆေးဝါးများကို တွေ့ရှိသည်ဟု သတင်း ပေးခဲ့သည့်အချိန်မှစ၍ ရုရှားနှင့် အာဂျင်တီးနားရဲတပ်ဖွဲ့တို့သည် အသွင်ယူ စစ်ဆင်ရေးများကို မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း သူမက သတင်းထောက်များကို ပြောခဲ့သည်။

ယင်းသို့ အသွင်ယူစစ်ဆင်ရေးကြောင့် သံသယတရားခံ ၅ ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့မှာ အာဂျင်တီးနားနိုင်ငံမှ ၂ ဦးနှင့် ရုရှားနိုင်ငံမှ ၃ ဦးတို့ဖြစ်ကာ ၎င်းတို့သည် ကိုကိန်းများကို ဂျုံများနှင့်အစားထိုးခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောခဲ့သည်။

ထိုမူးယစ်ဆေးဝါးများကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူများနေထိုင်ရာ ရုရှားနှင့် ဂျာမနီတို့သို့ ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ဂျာမန်ရဲတပ်ဖွဲ့ဟာလည်း ဒီရာဇဝတ်ကောင်တွေကို ဖမ်းဆီးလိမ့်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု ဘူးလ်ရစ်ချ်က ပြောခဲ့သည်။

ယင်းအသွင်ယူစစ်ဆင်ရေးအတွက် ရုရှားလုံခြုံရေးဌာနမှအေးဂျင့်များသည် အာဂျင်တီးနားသို့ရောက်ရှိလာခဲ့ပြီး တစ်နှစ်ကျော်ကြာသည့် စုံစမ်းစစ်ဆေးရေးအတွက် လာရောက်ကူညီခဲ့ကြောင်း သူမက ဆိုခဲ့သည်။

ဖမ်းဆီးရမိသော ကိုကိန်းများမှာ ကိုလံဘီယာနှင့် ပီရူးနိုင်ငံတို့မှဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက ယူဆလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required