စည်ပင်ရွေးကောက်ပွဲမလုပ်ပေးလျှင် ရန်ကုန်အစိုးရ စွမ်းဆောင်ရည် အနုတ်ပြရာကျဟု ဆို

စည်ပင်ရွေးကောက်ပွဲမလုပ်ပေးလျှင် ရန်ကုန်အစိုးရ စွမ်းဆောင်ရည် အနုတ်ပြရာကျဟု ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သက်တမ်းသုံးနှစ်အတွင်း စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့လျှင် စောင့်ကြည့်လေ့လာသူများက အစိုးရ၏ စွမ်းဆောင်ရည်အပေါ် အနုတ်လက္ခဏာအဖြစ် သတ်မှတ်ကြမည်ဖြစ်ကြောင်း “ စောင့်ကြည့်” အဖွဲ့တည်ထောင်သူ ဒေါ်ညိုညိုသင်းက ပြောဆိုလိုက်သည်။

ယနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ Orchid Hotelတွင် စည်ပင်သာယာရေးရွေးကောက်ပွဲဥပဒေကြမ်းနှင့်ပတ်သတ်၍ ဖေဖော်ဝါရီ၂၀ရက်နေ့၌ ပြုလုပ်ခဲ့သည့် အလွှာပေါင်းစုံဆွေးနွေးပွဲတစ်ခုမှ ရလဒ်အကြံပြုချက်များကို ပူးပေါင်းအဖွဲ့ က ထုတ်ပြန်ခဲ့သည့်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော်ဝန်ကို ပြည်သူမှတိုက်ရိုက်ရွေးချယ်ရန်၊ အသက်၁၈နှစ်ပြည့်သူတိုင်း ရွေးချယ်တင်မြှောက်ခံခွင့်ရှိရန်၊   ရွေးကောက်ခံကော်မတီဝင်များ တာဝန်ကို ပြည်သူက   ပြန်ရုတ်သိမ်းပိုင်ခွင့်ရှိရမည် ဆိုသည့် အချက်များပါဝင်နေသည်။

“စည်ပင်သာယာရေးရွေးကောက်ပွဲတွေကို ကျော်လွှားလို့ဘယ်သူမှမရဘူး တကယ်လို့များရန်ကုန်အစိုးရဟာ သူတက်တဲ့သက်တမ်းသုံးနှစ်မှာ ရွေးကောက်ပွဲတွေကိုမလုပ်နိုင်ခဲ့ဘူးဆိုရင် ဒါနိုင်ငံတကာ စောင့်ကြည့်တဲ့သူ တွေရော ပြည်တွင်းစောင့်ကြည့်တဲ့သူတွေရော အစိုးရရဲ့ Performance (စွမ်းဆောင်ရည်)ပေါ်မှာ အနုတ်လက္ခဏာပြတဲ့ ကိစ္စကြီးတစ်ခုဖြစ်သွားမှာပေါ့”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

စည်ပင်သာယာရေးအုပ်ချုပ်မှုစနစ်သည် ဒီမိုကရေစီစနစ်၏ အရေးပါသည့်အရာတစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

စည်ပင်ဥပဒေတစ်ခုလုံးအား ပြင်ဆင်နေသည်ထက် စည်ပင်ရွေးကောက်ပွဲဥပဒေကြမ်းမှ အခန်း(၂) စည်ပင်သာယာရေးကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၃)ရွေးကောက်တင်မြှောက်ခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ တာဝန်မှရုပ်သိမ်းခြင်းတို့ကို အရင်ဆုံးပြင်ဆင်သင့်သည်ဟု Mercy Corps Myanmarမှ ကိုမြတ်မင်းဦး က ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆီပဲသွားနေရတယ် လွှတ်တော်ကိုယ်စားလှယ်ဆိုရင် လွှတ်တော်ကိစ္စမလုပ်ရဘဲနဲ့ စည်ပင်ကိစ္စ ရေကိစ္စ မြောင်းကိစ္စ လုပ်နေရတဲ့အပိုင်းတွေရှိတယ် စည်ပင်ဥပဒေကြီးကိုပြင်။ အဲဒါ Long Term (ရေရှည်အတွက်) ၊ ဒါပေမယ့်လက်ရှိရွေးကောက်ခံကပိုအရေးကြီးတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေ လစ်လပ်နေတာမကောင်းဘူး”ဟု ကိုမြတ်မင်းဦး ကဆိုသည်။

ရန်ကုန်မြို့အတွက် စည်ပင်သာယာရေးရွေးကောက်ပွဲဥပဒေကို ၂၀၁၇ခုနှစ်တွင်အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လတွင် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို အပြီးသတ်ရွေးချယ်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ရက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်များကို ပြောခဲ့သည်။ ၎င်းနောက် ယခုနှစ် ၂၀၁၈ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းကို ထုတ်နိုင်ခဲ့သည်။

ယခုသတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ပူးပေါင်းအဖွဲ့ကို Action Committee For Democracy Development (ACDD), Charity-Oriented Myanmar (COM), Community Response Group (COMREG) တို့အပါအဝင် အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ပြီး ၂၀၁၆ခုနှစ်၌ ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly