ဦးကိုနီ လုပ်ကြံခံရမှု အမှုတွဲ ဦးအောင်ဝင်းထွန်းကို ကျပ် သိန်း ၅၀၀ ဖြင့် အာမခံပေး

ဦးကိုနီ လုပ်ကြံခံရမှု အမှုတွဲ ဦးအောင်ဝင်းထွန်းကို ကျပ် သိန်း ၅၀၀ ဖြင့် အာမခံပေး

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ။          ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းအမှုတွဲတွင် ပါဝင်သည့် အောင်ဝင်းထွန်းအား ယနေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံးမှ ကျပ်သိန်း ၅၀၀ ဖြင့် အာမခံပေး လိုက်သည်။

ယင်းအာမခံအား ကျပ်သိန်း ၅၀၀ ဖြင့် လူပုဂ္ဂိုလ် နှစ်ဦးမှ လက်မှတ်ထိုးရမည်ဖြစ်သည်။ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်သည့် တရားခံအားပေးကူညီမှု ပုဒ်မ ၂၁၂ ဖြင့် တရားစွဲချက်တင်ခံရသည့် အောင်ဝင်းထွန်းသည် အာမခံရရှိခဲ့ပြီးနောက် "ကျန်းမာရေးသိပ်မကောင်းဘူး။ ကျွန်တော်က နှလုံးလည်း မကောင်းဘူးဗျ။ ဗိုက်လည်းခွဲထားတယ်" ဟု တရားခွင်မှအထွက်တွင် မီဒီယာသမားများအား ပြောဆိုခဲ့သည်။

အာမခံရရှိခဲ့သည့် အောင်ဝင်းထွန်းသည် တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွင် တရားခံပြေး အဖြစ် ကြေညာထားခြင်းခံရသည့် အောင်ဝင်းခိုင်နှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

"ကျွန်တော့်အဖေကိုထောင်တစ်ရက်မှ အကျမခံနိုင်ဘူး။ ဘာလို့ဆို တကယ်ပါတဲ့သူ မဟုတ်တဲ့အတွက် ရှင်းရှင်းလင်းလင်း အကုန်လုံးကို သိအောင် သက်သေပြမယ်ပေါ့နော်။ ရုံးမှာလည်း သက်သေပြမယ်။ ဒီ တစ်နှစ်ကျော်အချုပ်ခံရတာ အရမ်းနှစ်နာတယ်" ဟု အောင်ဝင်းထွန်း၏ သားဖြစ်သူ ဒေါက်တာကောင်းစံက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဥပဒေအကြံပေးဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းခန့်တွင် ရန်ကုန်လေဆိပ်၌ ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ပြီး နောက် တစ်နှစ်အကြာတွင် တရားခံများအား စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly