အိမ်ခန်းဝယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပေးရမည့်ကိစ္စ ပြန်သုံးသပ်ရန် တင်ပြထား

အိမ်ခန်းဝယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပေးရမည့်ကိစ္စ ပြန်သုံးသပ်ရန် တင်ပြထား
ရန်ကုန်တိုင်း အစိုးရ၏ တန်ဖိုးသင့် ရတနာနှင်းဆီ အိမ်ရာစီမံကိန်းအား တွေ့မြင်ရစဉ်။

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ။               ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချမည့် အိမ်ခန်းများ ဝယ်ယူရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါရှိရမည်ဆိုသည့် ကိစ္စရပ်အား ပြန်လည်သုံးသပ်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသည်ဟု အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်မတို့ဘက်က ဘယ်လိုမျိုး အဆင်ပြေမလဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံမယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ထောက်ခံမယ်။ အဲ့နောက်မှာမှ လွှတ်တော်ကိုယ်စားလှယ်က ထပ်ဆင့်ထောက်ခံပေးမယ် ဆိုတဲ့ သဘောမျိုး တောင်းဆိုလိုက်တယ်။ ဒီကိစ္စကို ပြေလည်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး အစည်းအဝေး မှာ ဆုံးဖြတ်ခဲ့တယ်" ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

ယနေ့ လွှတ်တော်ကျင်းပပြီးချိန်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အဆိုပါ မူတစ်ခုအား ပြန်လည်ပြင်ဆင်ပေးရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုင်းဒေသကြီးအစိုးရမှ မူလထုတ်ပြန်ထားချက်တွင် "အိမ်ရာလျှောက်ထားသူ အိမ်(သို့) မြေ ပိုင်ဆိုင်မှုမရှိ ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ထောက်ခံချက်ဖြင့် တင်ပြလျှောက်ထားရမည်" ဟု ဖော်ပြထားသည်။

ယင်းမူဝါဒသည် လွှတ်တော်ကိုယ်စားလှယ်များအတွက် အခက်အခဲဖြစ်စေနိုင်ပြီး မြို့နယ်အတွင်းရှိ လူများ၌ မည်သူက အိမ်ရှိသည် မရှိသည်ကို လွှတ်တော်ကိုယ်စားလှယ်များက အကုန်အစင်သိရှိနိုင်ရန် ခက်ခဲသည်ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူအသိဆုံးပဲ။ဒီလူက ဧည့်သည်လား အိမ်ရှင်လား ဒီရပ်ကွက်မှာ အိမ်ပိုင်ရှိလား မရှိလား သူပဲသိတာ။ အုပ်ချုပ်ရေးမှူးပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံပေးမယ်။ ပြီးရင် အစ်မတို့က နောက်ဆုံးပိတ် ထောက်ခံပေးမယ်" ဟု ဒေါ်နွယ်နွယ်ဝင်းက ထပ်လောင်းဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ခန်း ဝယ်မည့်သူများသည် မိသားစုတစ်စုလျှင် တစ်လ ပျမ်းမျှဝင်ငွေ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းကြား ၊ တန်ဖိုးသင့်အိမ်ခန်း ဝယ်မည့်သူများသည် မိသားစုတစ်စုလျှင် တစ်လ ပျမ်းမျှဝင်ငွေ ကျပ်ငွေ ငါးသိန်းမှ ၁၂ သိန်းကြား ရှိရမည်ဖြစ်သည်။

အိမ်ခန်းများအား ရောင်းချရာတွင် နိုင်ငံဝန်ထမ်းများ ၊ အငြိမ်းစား နိုင်ငံဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ ၊ ဝင်ငွေနည်း ပြည်သူများအား ရောင်းချပေးသွားမည်ဟု အစိုးရက ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly