ကူဝိတ်မှ ဖိလစ်ပိုင်အိမ်အကူ ရာပေါင်းများစွာ နေရပ်ပြန်လာ

ကူဝိတ်မှ ဖိလစ်ပိုင်အိမ်အကူ ရာပေါင်းများစွာ နေရပ်ပြန်လာ

 

မနီလာ၊ ဖေဖော်ဝါရီ ၂၂ ။             ။ ကူဝိတ်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေကြသော ဖိလစ်ပိုင်ပြည်သူ ရာပေါင်းများစွာသည် နေရပ်နိုင်ငံရင်းသို့ ပြန်လာကြရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

စီဘူးပစိဖိတ် လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသော ပြည်ပရောက် ဖိလစ်ပိုင်အိမ်အကူ ၃၉၆ ဦးသည် လေဆိပ်ရှိ ဆိုက်ရောက်ရာအရပ်တွင် စုရုံးရောက်ရှိကြသည်ကို အီးပီအေက သတင်းထုတ်လွှင့်သည်။

လေဆိပ်ဝန်ထမ်းများမှာ အဆိုပါ အလုပ်သမားများ၏ ဆိုက်ရောက်မှတ်တမ်းများ ရေးသွင်းဖြည့်ဆည်းပေးခြင်းဖြင့် အလုပ်များကြရပြီး ကူဝိတ်အလုပ်ရှင်များက ဖိလစ်ပိုင်အိမ်အကူများ မထွက်ခွာနိုင်အောင် ၎င်းတို့၏ ပြည်ပရောက် ဖိလစ်ပိုင်အလုပ်သမားများ OFWs ပတ်စ်ပို့ကို သိမ်းယူထားကြခြင်းကြောင့် ယခု မနီလာသို့ ရောက်ရှိလာရာတွင် အဆိုပါ ပတ်စ်ပို့ မပါရှိကြသဖြင့် ပို၍ အလုပ်ရှုပ်ရခြင်းလည်း ဖြစ်သည်။

အုံလိုက်ကျင်းလိုက် နေရပ်ပြန်လည်ရောက်ရှိလာသည့် အိမ်အကူများအတွက် သမ္မတ ဒူတာတေး၏ ထောက်ပံ့ငွေဖြစ်သော တစ်ဦးလျှင် ပီဆို ၅၀၀၀ (အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာ) နှုန်းထားအတိုင်း ပြည်ပအလုပ်သမားများ ဖူလုံရေးအေဂျင်စီ OWWA ကလည်း ကူညီထောက်ပံ့ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက အီးပီအေသို့ ပြောသည်။ ထိုပြင် အဆိုပါ အလုပ်သမားများက နေရပ်ပြည်နယ်များသို့ ပြန်ရန် စောင့်ဆိုင်းနေရစဉ်အတွင်း နေရေးထိုင်ရေးကိုလည်း စီစဉ်ပေးကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများ၏ အိမ်ပြန်စရိတ်ကိုပါ ထုတ်ပေးမည်ဖြစ်ကြောင်း OWWA မှ အမည်မဖော်သည့် အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယခု အလုပ်သမား ၃၉၆ ဦးအား လေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်းသည် ဖိလစ်ပိုင်အလုပ်သမားများအား နေရပ်သို့ ပြန်ခေါ်ခြင်း လုပ်ဆောင်ချက်တွင် ကြီးမားသည့် အားထုတ်မှုဖြစ်ကြောင်း စီဘူးပစိဖိတ်လေကြောင်းလိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ကူဝိတ်နိုင်ငံတွင် အသက် ၂၉ နှစ်အရွယ် ဖိလစ်ပိုင်အိမ်အကူ အမျိုးသမီး ဂျိုအန်နာ သေဆုံးမှုကြောင့် ဖိလစ်ပိုင်အစိုးရက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အိမ်အကူများ သွားရောက်ခြင်းကို ပိတ်ပင်လိုက်ပြီး ထောင်ပေါင်းများစွာသော အလုပ်သမားများကို ပြန်လည်ခေါ်ယူနေခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက အလုပ်သမားများ ပြန်လည်ခေါ်ယူခြင်းကို စတင်လုပ်ဆောင်ခြင်း ဖြစ်ရာ ယခုနိုင်ငံရင်း ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိသည့်   ပြည်ပရောက်အလုပ်သမားဦးရေသည် ၁၅၀၀ ကျော် ရှိပြီဖြစ်သည်။

နေရပ်သို့ ပြန်လာကြမည့် ဖိလစ်ပိုင်အလုပ်သမား ၁၀၀၀၀ ကျော်ထက်မနည်းအတွက် အစီအစဉ်များ ချမှတ်ထားရန် OWWA အား အစိုးရက တိုက်တွန်းထားသည်။

ကူဝိတ်နိုင်ငံတွင် သေဆုံးသည့် အိမ်အကူ ဂျိုအန်နာ၏ ရုပ်အလောင်းကို ဖိလစ်ပိုင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က ပြန်လည်သယ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်က ဂျိုအန်နာ၏ ရုပ်အလောင်းကို ရေခဲသေတ္တာအတွင်း တွေ့ရှိခြင်းဖြစ်ပြီး ထိုရေခဲသေတ္တာအတွင်း အလောင်းကို ထည့်ထားသည်မှာ တစ်နှစ်ကျော်မက ရှိနိုင်သည်ဟု အာဏာပိုင်များက ယူဆထားသည်။

ဂျိုအန်နာသေဆုံးမှုနှင့် ပတ်သက်ပြီး သံသယရှိရသည့် ၎င်း၏ အလုပ်ရှင်များဖြစ်သော လက်ဘနွန်အမျိုးသားနှင့် ဆီးရီးယားအမျိုးသမီး လင်မယားကို ရှာဖွေတွေ့ရှိရေးအတွက် အင်တာပိုက ကူဝိတ်အာဏာပိုင်များနှင့်အတူ တွဲဖက်ဆောင်ရွက်လျက် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required