ကျောင်းတွင်းပစ်ခတ်မှုများကို တန်ပြန်ရေးအတွက် ဆရာ၊ ဆရာမများကို လက်နက်တပ်ဆင်ပေးရန် ထရမ့် အကြံပြု

ကျောင်းတွင်းပစ်ခတ်မှုများကို တန်ပြန်ရေးအတွက် ဆရာ၊ ဆရာမများကို လက်နက်တပ်ဆင်ပေးရန် ထရမ့် အကြံပြု

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ။                ။ စာသင်ကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသူများ၏ သူငယ်ချင်းများ၊ မိသားစုများနှင့် တွေ့ဆုံမှုတစ်ရပ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုသို့သော ကျောင်းတွင်းပစ်ခတ်မှုများတွင် သေဆုံးဒဏ်ရာရသူ နည်းနိုင်သမျှနည်းအောင် နည်းလမ်းတစ်ရပ်အဖြစ် ဆရာ၊ ဆရာမများနှင့် အခြားသော ကျောင်းဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးရလိမ့်မည်ဖြစ်ကြောင်း အကြံပြုပြောဆိုကြောင်း သိရသည်။

 အဆိုပါ တွေ့ဆုံမှုတွင် ပြီးခဲ့သည့် သီတင်းပတ်က အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်၍ လူ ၁၇ ဦး သေဆုံးခဲ့သည့် ဖလော်ရီဒါရှိ Majory Stoneman Douglas အထက်ကျောင်းမှ ကျောင်းသားကျောင်းသူ ၆ ဦးလည်း ပါဝင်သည်။

“ဆရာ၊ ဆရာမတစ်ဦးမှာ လက်နက်ရှိထားတယ်ဆိုရင် ဒီလို တိုက်ခိုက်လာမှုကို အမြန်ဘဲ ရပ်ပစ်နိုင်မှာ ဖြစ်တယ်။”ဟု ထရမ့်က ပြောသည်။

ရူနှမ်းသော သေနတ်သမားများ၏ ပစ်ခတ်မှုကို တန်ပြန်ရန် ဆရာ၊ ဆရာမများ၏ ၂၀ ရာခိုင်နှုန်းကို စာသင်ကျောင်းများအနေဖြင့် လက်နက်တပ်ဆင်ပေးရမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

“ဆရာ၊ ဆရာမတွေကို လက်နက် ဝှက်ပြီး ကိုင်ဆောင်ခွင့် ပေးထားရမယ်။ ပြီးတော့ သူတို့ကို အထူးသင်တန်းတွေ ပေးရမှာဖြစ်တယ်။ သေနတ်ကင်းမဲ့ဇုန်အဖြစ် ရေရှည် ရှိမှာ မဟုတ်ဘူး။”ဟု ထရမ့်က ဆိုသည်။

ယခု အယူအဆသည် အငြင်းပွားစရာဖြစ်မည်ကို သိကြောင်း ထရမ့်က ဝန်ခံပြီး ၎င်းတို့အစိုးရအနေဖြင့် ထိရောက်လေးနက်သော သုတေသနကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကျောင်းတွင်း ပစ်ခတ်မှု ပြဿနာများ၏ အခြားသော ရှုထောင့်အနေဖြင့် လက်နက်ဝယ်ယူခြင်းမှာ ရာဇဝတ်မှု ကျုးလွန်သူများနှင့် စိတ်ကျန်းမာရေးမကောင်းသူများကို တားဆီးနိုင်ရေးအတွက်   နောက်ကြောင်းရာဇဝင် စစ်ဆေးမှုကို ပိုမိုထိရောက် အားကောင်းအောင် လုပ်ဆောင်သွားရန်လည်း ထရမ့်က စီစဉ်လျက်ရှိသည်။

ထိုပြင် အစိုးရအနေဖြင့် သေနတ် ဝယ်ယူနိုင်ခွင့် အနိမ့်ဆုံး အသက်အရွယ်ကိုလည်း သတ်မှတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required