အသရေဖျက်မှုဖြင့် ပြန်တရားစွဲဆိုထားသည့်အပေါ် အဆုံးစွန်ထိ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒိန်းပိုပိုဒေါင်ပြော

အသရေဖျက်မှုဖြင့် ပြန်တရားစွဲဆိုထားသည့်အပေါ် အဆုံးစွန်ထိ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒိန်းပိုပိုဒေါင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ။             ။ အသရေဖျက်မှု ဖြစ်သည့် ပုဒ်မ ၅ဝဝ ဖြင့် ဗေဒင်ဆရာအောင်ချစ်ပိုက တရားစွဲဆိုထားမှုအပေါ် အဆုံးစွန်ထိ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ သရုပ်ဆောင် ဒိန်းပိုပို ဒေါင်က မဇ္ဓျိမသို့ ပြောသည်။

အဆိုပါ အသရေဖျက်မှု- ပုဒ်မ ၅ဝဝ မှာ ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်အား ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဦးတိုက်လျှောက် တရားစွဲဆိုရာတွင် ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စွပ်စွဲပြောဆို ထား သည့် ရုပ်သံဗွီဒီယိုဖိုင်နှင့်အတူ တရားရုံးတွင်အစစ်ခံကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဖြေရှင်းသွားမှာပါ။ ညီမကို တရားစွဲတယ်ဆိုတော့ ညီမက ဒီအတိုင်းကြီးတော့ ငြိမ်ခံနေမှာတော့ မဟုတ်ဘူး။ ညီမလည်း ညီမဘက်က လုပ်စရာရှိတာ အဆုံးစွန်ထိ ညီမက လုပ်သွားမှာပဲ။ ညီမ အဖေပါ အခုဆိုရင်ပါလာပြီ လေ။ ညီမအဖေကပါ ညီမဘက်ကအကုန် လိုက်ကူညီပေးမယ်ဆိုတော့ ပိုပြီးအားရှိပါတယ်။ ညီမကတော့ အကုန်ရင်ဆိုင်သွားမှာပါ။ အမှုပိတ်ဖို့ ဘာညာအစီအစဉ် ဘာမှမရှိဘူး။ ဆက်လုပ်သွားမှာပါ”ဟု သရုပ်ဆောင် ဒိန်းပိုပိုဒေါင်က မဇ္ဓျိမသို့ ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီး ဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသူဖြစ်ပြီး ဗေဒင်လာမေးသည့် အမျိုးသမီးများကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးအမည်ဖြင့် ဖေ့ဘုတ်စ်အကောင့်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗေဒင်ဆရာ အောင်ချစ်ပိုက အမျိုးသမီးများကို ယတြာချေပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမှုများကြောင့် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဟောခန်းမှာ အပိတ်ခံခဲ့ရပြီး Channel 9 ရုပ်သံလိုင်းတွင်လည်း ဗေဒင်ဟောစာတမ်းထုတ်လွှင့်မှုအစီအစဉ်ပါ ရပ်ဆိုင်းခံခဲ့ရကြောင်း သိရ သည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းနှင့် ပတ်သက်ပြီး ရေးသားတင်ခဲ့သူတစ်ဦးဖြစ်သည့် Phyo Wai Win အကောင့်ပိုင်ရှင်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက အမှုဖွင့်ကာ စတင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၉ ရက်တွင် ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မ ရဲစခန်းတွင် မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ ဖြင့် ပြီးခဲ့သည့် အမှုဖွင့် တိုင်ကြားခဲ့သည်။

ထိုသို့ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဗေဒင်ဆရာအောင်ချစ်ပိုက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေခိုင် မြင့်မြတ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် ပြန်လည် အမှုဖွင့်တိုင် ကြားထားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကမူ ထိုသို့ စွပ်စွဲမှုများ အားလုံးကို ငြင်းဆိုထားပြီး ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုများမှာ ၎င်း၏ အောင်မြင်မှုများနှင့် နာမည်ဂုဏ်သတင်းကို ပျက်စီးစေလိုသူများက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း သာဖြစ်သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ထားမှုများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required