တနင်္သာရီသစ်တောကြိုးဝိုင်းအတွင်း သစ်တောအရင်းမြစ်သုံးစွဲဲနိုင်ရေး အခက်တွေ့ဟုဆို

တနင်္သာရီသစ်တောကြိုးဝိုင်းအတွင်း သစ်တောအရင်းမြစ်သုံးစွဲဲနိုင်ရေး အခက်တွေ့ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။            ။ တနင်္သာရီတိုင်းဒေသကြီးရှိ ဟိန္ဇဲ-ကလိန်အောင် သစ်တောကြိုးဝိုင်းဧရိယာအတွင်း နေထိုင်နေသည့် ဒေသခံများသည် သစ်တောအရင်းအမြစ်သုံးစွဲရေးအတွက် သစ်တောဦးစီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်နေသည်ဆိုသည့်အပေါ် အခက်တွေ့နေကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ၂၁ရက်၌ Orchid Hotel ၌ မိတ်ဆက်သည့်"သစ်တောသည်ကျွနု်ပ်တို့၏ အသက်သွေးကြော" အစီရင်ခံစာတွင် ယင်းအကြောင်း ဖော်ပြထားသည်။

၎င်းတို့မူလနေထိုင်ရာဒေသတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြပြီး သစ်တောကြိုးဝိုင်းအဖြစ်သတ်မှတ်ပြီး နောက်ပိုင်း ပြည်သူ့အစုအဖွဲ့သစ်တောအတွင်းမှ ထင်း၊ သစ်နှင့် ရေအရင်းမြစ်ကို ရယူခွင့်ပြုထားသော်လည်း ဥယျာဉ်ခြံနှင့် သီးနှံအပင်များစိုက်ပျိုးလျှင် သစ်တောဦးစီးဌာန၏လမ်းညွှန်ချက်များ ရှိနေကြောင်း သိရသည်။

သစ်တောထိမ်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်နေကြသော်လည်း ဒေသခံများအနေဖြင့် သဘာဝ အရင်း အမြစ်ကို ပြန်လည်ထုတ်ယူခွင့်ရှိမရှိမှာ ပဋိပက္ခဖြစ်နေသည့်အချက်ဖြစ်သည်ဟု အစီရင်ခံစာပြုစုရာတွင် ပါဝင်သည့် တနင်္သာရီမြစ်မကြီးနှင့်ဌာနေတိုင်းရင်းသားများကွန်ရက်(TRIP NET)၏ ဒါရိုက်တာစောဖရန်ကီ ကပြောသည်။

"သူတို့ကျေးရွာဒေသမှာသူတို့နေလို့ရပါရဲ့ သူတို့ရွာရဲ့ချောင်းဖျားမှာရှိတဲ့ချောင်းရေတွေက မိုင်းလုပ်ငန်းကြောင့် ညစ်ညမ်းမယ်ဆိုရင် ဒါသူတို့အတွက်စိန်ခေါ်မှုတွေဖြစ်ပါတယ်။ နောက်တစ်ချက်က ထိမ်းသိမ်းရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင်  တိကျတဲ့မူဝါဒတွေမရှိသေးဘူးလို့ပြောရမယ် ။ ထိမ်းသိမ်းရေးလုပ်ငန်းကို သူတို့ကြောက်နေတာမဟုတ်ဘူး။  ထိမ်းသိမ်းရေးလုပ်ငန်းကသူတို့ဘဝကိုချုပ်ကိုင်မှာကို ကြောက်နေပါ တယ်"ဟု တနင်္သာရီမြစ်မကြီးနှင့်ဌာနေတိုင်းရင်းသားများကွန်ရက်(TRIP NET)မှ စောဖရန်ကီ ကပြောသည်။

ထို့အပြင် ၂၀၀၅ခုနှစ်တွင် ပြည်တွင်းစစ်ကြောင့်နယ်မြေရှင်းလင်းပြီး ယာယီမြေလွတ်များဖြစ်နေသည်ကို တနင်္သာရီသဘာဝနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေသခံများသည် အရင်းအမြစ်များကို သုံးဆွဲသူများဖြစ်သည့်အပြင် ရိုးရာနည်းလမ်းများဖြင့် ထိမ်းသိမ်းနေထိုင်ကြသည်ဟု တောင်ပိုင်းလူမှုအဖွဲ့အစည်း(SY)မှ နော်အယ်ထီးဝါး ကပြောသည်။

"ဒီကာကွယ်ထိမ်းသိမ်းဖို့လုပ်တဲ့ဟာက ဌာနေတိုင်းရင်းသားတွေကို သူတို့ရဲ့အခွင့်ရေးကိုလေးစားသင့်တယ် ပြီးတော့ဌာနေတိုင်းရင်းသားတွေသူတို့ရိုးရာဓလေ့အရကာကွယ်ထိမ်းသိမ်းတဲ့ဟာကို ကူညီပံ့ပိုးပေးသင့်တယ် အသိမှတ်ပြုပေးသင့်တယ်။ အဲဒါမှလည်းနောက်ဆုံးအနေနဲ့ဆိုရင်ရေရှည်တည်တံ့တဲ့ကာကွယ်ထိမ်းသိမ်းရေးဖြစ်မယ်လေ"ဟု တောင်ပိုင်းလူမှုအဖွဲ့အစည်း(SY)မှ နော်အယ်ထီးဝါး ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဧက လေးသိန်းကျော်ကျယ်ဝန်းသည့် တနင်္သာရီသဘာဝနယ်မြေကို ၂၀၁၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသဘာဝနယ်မြေအတွင်းတွင် ဟိန္ဇဲ-ကလိန်အောင် သစ်တောကြိုးဝိုင်းဧရိယာပါ အပါအဝင်ဖြစ်သည်။ ဟိန္ဇဲ-ကလိန်အောင် သစ်တောကြိုးဝိုင်းဧရိယာအတွင်း၌ ကျေးရွာ(၂၀)ရှိသည်။

၎င်းကျေးရွာများတွင် မွန်၊ ကရင်၊ ထားဝယ် လူမျိုးများသည် ၁၉၁၈ခုနှစ်နှင့် ၁၉၉၉ခုနှစ်ကာလအတွင်း ကျေးရွာများတည်ထောင်ခဲ့သည်။ ကျေးရွာ ၂၀တွင် လူဦးရေ ၁၂၅၄၀ဦးနေထိုင်ကြပြီး သစ်တောကြိုးဝိုင်း၏ ၈၀ရာခိုင်နူန်းခန့်သည် ကျေးရွာသားများနေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly