ဂီတသင်တန်းဆရာမလေးရဲ့ ဘယ်တော့မှ အရှုံး မပေးပါနဲ့

21 February 2018
ဂီတသင်တန်းဆရာမလေးရဲ့ ဘယ်တော့မှ အရှုံး မပေးပါနဲ့

ကလေးဘဝတည်းက အဆိုဝါသနာပါခဲ့သူ လက်ဦးဆရာ အကိုတွေဆီကနေ အတီးပညာကို သင်ယူခဲ့သူ အခုချိန်မှာတော့ ချယ်လို၊ တယော၊ ဂစ်တာ စတဲ့ သူရိယာတွေကို သင်ပေးနေသူ ကတော့ မမေယံနီ ပဲဖြစ်ပါတယ်။

ဂစ်တာတီးဖြစ်တာကတော့ သီချင်းဆိုတာကို မစမီ အကိုတွေကို သီချင်းဆိုချင်ရင် ဂစ်တာတီးခိုင်းရတယ်။ အကိုတွေက နည်းနည်းပါးပါးဆို တီးပေးတယ်။ ထပ်ခါတလဲလဲ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုနေရင်တော့ အကိုတွေက စိတ်မရှည်တော့ဘူး။ ကိုယ်က ဆိုလို့ကောင်းကောင်းနဲ့ ဆိုနေရင် အကိုတွေက စိတ်မရှည်ရင် မတီးပေးချင်ဘူး။ မတီးပေးချင်တော့ ငယ်ငယ်က မုန့်ဖိုးတွေဘာတွေ ရလို့ရှိရင် အကိုတွေကို ဆေးလိပ်ဝယ်တိုက်ရတယ်။ ဆေးလိပ်လည်း သွားပြေးဝယ်ရတယ်။ သွားဝယ်ပြီးတော့ အကိုတွေကို ဆေးလိပ်တိုက်ပါ့မယ်။ တီးပေးပါ ၊ ဆိုချင်လို့ပါဆိုပြီးတော့ အပူကပ်ပြီးတော့ သီချင်းဆိုရတယ်။ အဲဒါနဲ့ ဂစ်တာကို တတ်အောင်သင်မှဖြစ်မယ် ၊ တတ်မှပဲ သီချင်းဆိုလု့ိရမယ်ဆိုပြီးဂစ်တာကို စပြီး သင်ဖြစ်၊ တီးဖြစ်ပါတယ်။ အကိုတွေကတော့ လက်ဦးဆရာပါ။

ယဉ်ကျေးမှုတက္ကသိုလ်မှာ တယော မေဂျာ ကို လေးနှစ်လောက် သင်ကြားခဲ့ပြီး တယော၊ ချယ်လိုပလေယာအနေနဲ့ အနုပညာလုပ်ငန်းထဲကို စတင် ဝင်ရောက်လာခဲ့ပြီး စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ဂစ်တာ တယော ချယ်လို စတာတွေကို သင်ကြားပေးရင်းနဲ့ Music ဆရာတစ်ယောက် ဖြစ်လာသူပါ ။

ဒီသင်တန်းကျောင်းကို ဝင်ဖြစ်တယ်ဆိုတာက အမ ငယ်ငယ်ကလေးတည်းက အနုပညာကို ဝါသနာပါတယ်။ ငယ်ငယ်လေးကတည်းက သီချင်းဆိုတာကို ဝါသနာပါတော့ ဂစ်တာကို မဖြစ်မနေ တီးရမယ်ဆိုတာ၊ အဲဒီကတည်းက နားလည်ခဲ့တယ်။ အဲဒီတော့ ဂစ်တာကို စတီးပြီးတော့ သီချင်းဆိုတယ်။ ကျောင်းပထမနှစ် စတက်တော့မှ တယောတွေ ချယ်လိုတွေကို တီးရတာပါ။ ကျောင်းမှာ လေးနှစ်လောက် ချယ်လို အဓိကဘာသာကို ယူပြီးတော့ အပြင်မှာလည်း ချယ်လိုနဲ့ပဲ ရပ်တည်ပြီးတော့ တီးတာပါ။

နွေရာသီကျောင်းပိတ်ရက်တွေဆိုရင်တော့ ချယ်လိုသင်တန်းသား အနည်းငယ်ရှိပြီး ဂစ်တာသင်တန်း သားတွေကတော့ မိုးရာသီပါ မပြတ် သင်ရပါတယ် ၊ Home သင်တန်းသားတွေကိုလည်း သင်ပေးရပါတယ်။ နှစ်ကုန်ပိုင်းတွေဆိုရင်တော့ ပွဲတွေကို လိုက်တီးရတာများပါတယ်။

ချယ်လိုအနေနဲ့ကတော့ Pop သီချင်းလေးတွေတီးတယ်။ ပြီးတော့ Classic ဘက်နွယ်တဲ့ သီချင်းတွေ တီးပါတယ်။Orchestra နဲ့ သွားလို့ရှိရင် Symphony သီချင်းတွေအဖွဲ့လိုက် တီးဖြစ်ပါတယ်၊ ပြီးတော့ POP လေးတွေ ၊Country ပုံစံအနေနဲ့ ဆိုရင်လည်း ချယ်လိုနဲ့ လိုက်ဖက်ပါတယ်။သူက Base အသံလေးတွေလည်း ပါတော့လေ။ Solo ကတော့ တယောနဲ့သွားတာပေါ့။

အတီးပညာရှင်တစ်ယောက်အနေနဲ့ လုပ်ကိုင်နေပေမယ့်လည်း လေ့လာမှုတွေကိုတော့ မပြတ် လေ့လာနေရဆဲပါပဲ။

အမက အခုအခြေအနေ အခုအစိတ်အပိုင်းအနေနဲ့ ပညာကို ရသလောက်ယူပါတယ်။ အသိပညာ အတတ်ပညာ ဝမ်းစာကို တတ်နိုင်သလောက် ဖြည့်ပါတယ်။ လူတစ်ဦးတစ်ယောက်နဲ့ပေါင်းရင် သူ့ဆီကစကားလေးတွေက ဘယ်ဟာလေးက ဗဟုသုတဖြစ်တယ်၊ မှတ်သားစရာကောင်းတယ် ဆိုတာကို မှတ်သားထားပြီးတော့ စကားလေးကအစ ပညာယူပါတယ်။ တယောပညာကလည်း ပစ်ထားလို့မရဘူး။ နေ့စဉ် လေ့ကျင့်မှု မပြတ်အောင်တော့ လေ့ကျင့်နေရတယ်။

ငယ်စဉ်ကတည်းက ဝါသနာပါတဲ့အလုပ်ကို လုပ်ကိုင်နေရတာကြောင့် သူ့ကိုယ်သူတော့ ရာနှုန်းပြည့် ပျော်ရွှင်နေသူတစ်ယောက်အဖြစ် ခံယူထားပါတယ်။

တီးနေရရင်လည်းပျော်တယ်၊ ဆိုနေရရင်လည်း ပျော်တယ်။ အနုပညာကို ဝါသနာပါတယ်။ ဝါသနာပါတယ်လို့ပြောရင်တော့ ပေါ့ဦးမယ် ၊ငယ်ငယ်က အရမ်းကို ရူးခဲ့ရတယ်။ အခုမှမဟုတ်ဘူး ငယ်ငယ်လေးကတည်းက ဒီစိတ်တွေက ကိန်းအောင်းလာတော့လေ ၊ တီးရတာရော ဆိုရတာရော ပျော်တယ်။ ကိုယ့်အတွက် အခက်အခဲဆိုတာကတော့ သိပ်မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ စတီးတုန်းကတော့ အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့ ၊ တီးရတာ ကြောက်တာတို့ ဘာတို့ပေါ့။ နောက်ပိုင်းတော့ အခက်အခဲ မရှိတော့ပါဘူး။

လုပ်ငန်းတိုင်းကတော့ အခက်အခဲတွေ ရှိနေကြစမြဲပါပဲ။ သူ့ရဲ့လုပ်ငန်းခွင်မှာလည်း အခက်အခဲမျိုးစုံ ရှိနေပါတယ်။

လုပ်ငန်းခွင်တိုင်းမှာတော့ စိန်ခေါ်မှုဆိုတာတော့ ရှိတာပေါ့။ အခုကလေးတစ်ယောက်က ဂစ်တာ လာသင်တယ်ဆိုရင် အဲဒီကလေးက ဘာမှမတတ်သေးဘူး၊ ဒါပေမယ့် သူက လာကတည်းက သီချင်းတီးချင်တယ်။ သီချင်းသင်ပေးပါဆိုတော့ သူ့ကို သီချင်းသင်ပေးဖို့ကို ကော့တွေ ရစ်သန်တွေ ဘာညာ မသင်ရသေးဘူး။ ဘာမှမသင်ရသေးဘဲနဲ့ သူ သီချင်းတန်းဆိုချင်တာတို့ကျတော့ သေချာ ရှင်းပြရတယ်။ ချယ်လိုနဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ ၊ အဘ ဦးတင်ဝိုင်းဆီမှာ အော်ဂက်စတာနဲ့ ပတ်သက်ပြီးတော့ တီးပါတယ်။ ပွဲတွေဘာတွေ တီးတဲ့အခါကျတော့ စင်ပေါ်မှာတီးနေရင်းနဲ့ နံပါတ် သုံးကြိုးက ကီးက လည်ပြီးတော့ ပြတ်ထွက်သွားရော ၊ အဲဒီမှာ ချွေးသီးချွေးပေါက်တွေ ကျလာတော့တာပဲ။ ပြန်လည်းလုပ်လို့မရဘူး ၊ အဲဒီစင်ပေါ်မှာ ဘယ်လိုဖြစ်နေမှန်းကိုမသိတော့ဘူး။ အဲဒီလိုမျိုးတွေတော့ ကြုံဖူးတာပေါ့။ နောက်ပိုင်းကျတော့ အတွေ့အကြုံ များလာတဲ့အခါကျတော့ အဲဒီလိုမျိုးအခက်အခဲတွေ မရှိတော့ပါဘူး။

အမျိုးသမီးတွေအတွက်ကတော့ လုပ်ငန်းခွင်တိုင်းမှာ နှောင့်ယှက်စော်ကားမှုတွေ ရှိနေတတ်ပါတယ်။ သူကတော့ နှောင့်ယှက်မခံရဖူးပေမယ့် အဲဒီလိုမျိုး နှောင့်ယှက်နေတဲ့သူတွေကိုတော့......

အဲဒီလိုမျိုး နစ်နစ်နာနာ နှောင့်ယှက်တယ်ဆိုရင်တော့ အစ်မအနေနဲ့ မခွင့်လွှတ်စေချင်ဘူး။ တစ်ခုခုတော့ တုန့်ပြန်စေချင်တယ်။ မိန်းကလေးဆိုရင်လည်း မိန်းကလေးမှာရှိတဲ့ အင်အားနဲ့ပေါ့။ ပြန်ပြောတာဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် အရမ်းရိုင်းတာတို့ ဘာတို့ဆိုရင် ကိုယ့်ဘက်က တုန့်ပြန်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အရှုံးတော့ မပေးစေချင်ဘူး။ လူလူချင်းဆိုတော့ ပြန်တုန့်ပြန်ရမှာပဲ။ အမအနေနဲ့ လက်ကိုင်ထားတဲ့ စကားလေးတော့ ရှိပါတယ်။ စိတ်ထားကောင်းရင် ကံကောင်းတယ်တဲ့ ။ အဲဒါလေးကိုတော့ အမ လက်ကိုင်ထားပါတယ်။ ပြီးတော့ အမသူငယ်ချင်းမိတ်ဆွေတစ်ယောက်က ပြောတဲ့စကားတစ်ခွန်းကို မှတ်ထားတာရှိတယ် ။ ဘဝကို ဘယ်တော့မှ အရှုံးမပေးနဲ့တဲ့။ ဘဝဆိုတာ တိုက်ပွဲဆိုတော့ အမြဲတမ်း ရုန်းကန်နေရတာပါ။ အမြဲတမ်း Fighting ဖြစ်နေတယ်။ ဘဝကို ဘယ်တော့မှ အရှုံးမပေးနဲ့ ၊ အမကတော့ အရှုံးမပေးဘူး။ အမြဲတမ်းတိုက်တယ်။ အဲဒီတော့ အမျိုးသမီး မိန်းကလေးတွေကို အမပြောချင်တာကတော့ အရှုံး ဘယ်တော့မှ မပေးပါနဲ့ ရလို့ ပြောချင်ပါတယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly