ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲ

ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲ

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ။           ။ ဗေဒင်ဆရာ အောင်ချစ်ပိုက သရုပ်ဆောင် ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှု ဖြစ်သည့် ပုဒ်မ- ၅ဝဝ ဖြင့် စမ်းချောင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ   ပြန်လည်တရားစွဲ ဆိုလိုက်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပိုက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အသရေဖျက်မှု- ပုဒ်မ ၅ဝဝ မှာ ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်အား ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စွပ်စွဲပြောဆိုထားသည့် ရုပ်သံဗွီဒီယိုဖိုင်နှင့်အတူ တရားရုံးတွင် အစစ်ခံကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ် အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ ဖွင့်လိုက်တယ်။ တရားရုံးမှာ အစစ်ခံပြီး သက်သေခံ ရုပ်သံဖိုင် နဲ့အတူ ဦးတိုက်လျှောက်ပြီး တရားစွဲလိုက်တာပေါ့။ ဘာကြောင့်တရားစွဲလည်း ဆိုရင်တော့ ညီလေးတို့ စဉ်း စားကြည့်လေကွာ။ ဘာကြောင့်ပြန်ဖွင့်လည်း မင်းတို့ဘာသာစဉ်းစားကြည့်လေ ဟုတ်တယ်မလား”ဟု ဗေဒင် ဆရာအောင်ချစ်ပိုက ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုအား သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်(ခ) မမြတ်နိုးဦးက စမ်းချောင်း မြို့မရဲစခန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီး ဘုရားတွင် ဗေဒင်ဟော ခန်း ဖွင့်ထားသူဖြစ်ပြီး ဗေဒင်လာမေးသည့် အမျိုးသမီးများကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးအမည်ဖြင့် ဖေ့ဘုတ်စ်အကောင့်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗေဒင်ဆရာ အောင်ချစ်ပိုက အမျိုးသမီးများကို ယတြာချေပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမှုများကြောင့် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဟောခန်းမှာ အပိတ်ခံခဲ့ရပြီး Channel 9 ရုပ်သံလိုင်းတွင်လည်း  ဗေဒင်ဟောစာတမ်းထုတ်လွှင့်မှုအစီအစဉ်ပါ ရပ်ဆိုင်းခံခဲ့ရကြောင်း သိရ သည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းနှင့် ပတ်သက်ပြီး ရေးသားတင်ခဲ့သူတစ်ဦးဖြစ်သည့် Phyo Wai Win အကောင့်ပိုင်ရှင်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက အမှုဖွင့်ကာ စတင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၉ ရက်တွင် ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ န္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ ဖြင့် ပြီးခဲ့သည့်  အမှုဖွင့် တိုင်ကြားခဲ့သည်။

ထိုသို့ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဗေဒင်ဆရာအောင်ချစ်ပိုက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေခိုင် မြင့်မြတ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် ပြန်လည် အမှုဖွင့်တိုင် ကြားထားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကမူ ထိုသို့ စွပ်စွဲမှုများ အားလုံးကို ငြင်းဆိုထားပြီး ၎င်း၏ အောင်မြင်မှုများကို မနာလို သူများက တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောဆိုထားမှုများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly