ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးလက်မှတ်များ တစ်နိုင်ငံလုံး ကောက်ခံသွားမည်ဟုဆို

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးလက်မှတ်များ တစ်နိုင်ငံလုံး ကောက်ခံသွားမည်ဟုဆို

 

မန ္တလေး ဖေဖေါ်ဝါရီ ၂၀ ။             ။ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် ထောက်ခံလက်မှတ်များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ကောလိပ် ကျောင်းအသီးသီးတွင် ကောက်ခံသွားမည်ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီဝင် ကိုရဲမျိုးဆွေက ပြောသည်။

ထောက်ခံလက်မှတ်များကောက်ခံရာတွင် ကျောင်းသား၊ကျောင်းသူများ၊ဆရာ၊ဆရာမများ အပြင် ပြည်သူလူထု၏ လက်မှတ်များကိုလည်းကောက်ခံသွားမှာဖြစ်သလို အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာဈေးများ၊ လူစည်ကားသည့် နေရာများတွင်လည်း လက်မှတ်များ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

 ထောက်ခံလက်မှတ်များ ကောက်ခံသွားမည့်အကြောင်းကို ဖေဖော်ဝါရီလ ၂၀ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊မီဒီယာစင်တာတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။

 "ကျွန်တော်တို့ ပထမ ရတနာပုံကျောင်းထဲမှာ တောင်းဆိုတဲ့အပေါ် ပြည်သူလူထုနဲ့ ကျောင်းသားအချို့ သဘောမကျကြဘူး။ ဝေဖန်မှုတွေရှိတယ်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ကိုတော့ အကုန်သဘောတူတာကို တွေ့ရတယ်" ဟု ကိုရဲမျိုးဆွေကပြောသည်။

 စတင်တောင်းဆိုစဉ်က ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီကို ကျောင်းသူ၊ကျောင်းသား ၇ ဦးဖြင့်ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး ယခုအခါတွင် ၎င်း ၇ ဦးအပါအဝင် ၉ ဦးဖြင့် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီအဖြစ် အသစ်ဖွဲ့စည်းကာ တောင်းဆိုမှုပုံစံပြောင်းခဲ့ခြင်းဖြစ်သည်ဟု ကိုရဲမျိုးဆွေကဆိုသည်။

 ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် ထောက်ခံလက်မှတ်များ ကောက်ခံရန်အတွက် တက္ကသိုလ်၊ကောလိပ် ၂၀ကျော်ကို လက်မှတ်ထိုးရန်စာရွက်များဖြန့်ဝေသွားမှာဖြစ်ပြီး မတ်လ ၁၃ ရက်နောက်ဆုံးထား၍ ထောက်ခံသွားမည်ဟု ကိုရဲမျိုးဆွေကဆိုသည်။

ရရှိလာသည့် ထောက်ခံလက်မှတ်များဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ဆွေးနွေးခွင့်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှု   ကော်မတီဝင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly