ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
စိုင်ယာတီကာ အကြောနာသည် စိုင်ယာတစ် အာရုံကြော ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း ကြောင့် ဖြစ်သော နာကျင်မှုတစ်မျိုးဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။) စိုင်ယာတီကာ အကြောနာ သည် အလွန်နာကျင်သော်လည်း အာရုံကြော အမြဲတမ်း ထိခိုက်ပျက်စီး စေသည်အထိတော့ ဖြစ်တာ ရှားသည်။ အများအားဖြင့် ထိုအခြေအနေသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ပြန်ကောင်းသွားတတ်သည်။
ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်များ
· အသက်အရွယ် ။ ။ အသက်အရွယ်အလိုက် ကျောရိုးမကြီး ပြောင်းလဲမှုများ ဥပမာ ။ ။ကျောရိုးအဆစ်ပြား ကျွံခြင်း နှင့် ကျောရိုးအတက်ထွက်ခြင်းသည် စိုင်ယာတီကာ အကြောနာ၏ အဖြစ်အများဆုံး အကြောင်းရင်းများ ဖြစ်သည်။
· အလုပ်အကိုင် ။ ။ သင့်ခါးကို အလွန်တရာ လိမ်ရသော အလုပ်အကိုင်များသည် စိုင်ယာတီကာ အကြောနာဖြစ်စေသော ကဏ္ဍတွင် ပါဝင်နေသည်။ သို့သော် ထိုဆက်နွယ်မှုကြား ကောက်ချက်ချ သုတေသနများတော့ မရှိသေးပါ။
· ကြာရှည်ထိုင်ခြင်း
· အဝလွန်ခြင်း
· ဆီးချိုသွေးချိုရောဂါ
စိုင်ယာတီကာ အကြောနာသည် ဘယ်အချိန်မှာ ပြင်းထန်သလဲ။
အချို့ စိုင်ယာတီကာ အကြောနာ လက္ခဏာများသည် ချက်ချင်း ဆေးကုသမှု လိုအပ်လျှင် ခွဲစိတ်မှုထိ ခံယူဖို့ ဖြစ်လာနိုင်သည်။ သို့သော် ထိုအခြေအနေမျိုးသည် တော်တော်လေး ရှားပါသည်။ ထိုအခြေအနေမျိုးမှာ ပိုပိုဆိုးလာသော အာရုံကြော လက္ခဏာများ (ခြေထောက်အားနည်းခြင်း) နှင့် / သို့မဟုတ် အာရုံကြော အမြစ်များ ကို ထိခိုက်သော ဆိုးရွားသော ရောဂါ Cauda equine syndrome (ဝမ်း နှင့် ဆီး မထိန်းနိုင်ခြင်း) ။ ကျောရိုးကင်ဆာကျိတ် (သို့) ရောဂါပိုးဝင်ခြင်းသည်လည်း စိုင်ယာတီကာ အကြောနာကို ဖြစ်စေပါသည်။
သင်ဘယ်အချိန်မှာ ဆရာဝန်နဲ့ တွေ့ဆုံသင့်သလဲ။
သာမန်အကြောနာသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ပျောက်သွားလေ့ရှိသည်။ သို့သော် အကယ်၍ ရောဂါလက္ခဏာများ မသက်သာလျှင် သို့မဟုတ် နာကျင်မှုသည် ပိုပြင်းထန်ပြီး ပိုစိပ်လာလျှင် ဆရာဝန်နဲ့ ပြသပါ။
အထူးသဖြင့် အောက်ပါအခြေအနေများတွင် ချက်ချင်း ဆေးကုသမှု ခံယူဖို့သင့်သည်။
· ခါး သို့မဟုတ် ခြေထောက်တွင် ရုတ်တရက် ပြင်းထန်သော နာကျင်မှု ကို ခံစားရခြင်း
· သင့်ခြေထောက်တွင် ထုံကျဉ်ခြင်း သို့မဟုတ် ကြွက်သား အားနည်းခြင်း
· ယာဉ်တိုက်မှု ကဲ့သို့သော ပြင်းထန်သော ထိခိုက်ဒဏ်ရာရပြီးနောက် နာကျင်ခြင်း
· သင့် ဝမ်း သို့မဟုတ် ဆီး မထိန်းနိုင်ခြင်း
ကုသမှုနှင့် ကိုယ့်ကိုယ်ကို စောင့်ရှောက်မှု
စိုင်ယာတီကာ အကြောနာကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်စေသော အကြောင်းရင်းကို အဓိက ဦးတည်ကုသသည်။ အဘယ်ကြောင့် ဆိုသော် ထိုနာကျင်မှုသည် အခံရောဂါ တစ်ခုခုကြောင့် ဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ့်ကိုယ်ကို စောင့်ရှောက်မှု သို့မဟုတ် ခွဲစိတ်မှုမပါသော ကုသမှုကို အသုံးများသည်။ သို့သော် မခံမရပ်နိုင်အောင် ပြင်းထန်သော နာကျင်မှု နှင့် ပုံမှန်လုပ်ငန်းဆောင်တာများ ချို့ယွင်းမှုတို့ ခံစားရလျှင် ခွဲစိတ်မှုကို စဉ်းစားသင့်ပါသည်။
စိုင်ယာတီကာ အကြောနာကို ကာကွယ်နိုင်သလား။
အချို့အကြောင်းရင်းများကို ကာကွယ်၍ မရပါ။ ဥပမာ ။ ။ မတော်တဆ ပြုတ်ကျခြင်း ၊ ကျောရိုးအဆစ်ပြား ရောဂါ၊ ကိုယ်ဝန်ကြောင့် ခါးနာခြင်း။
စိုင်ယာတီကာ အကြောနာ ဖြစ်စေသော အကြောင်းရင်းအားလုံးကို ကာကွယ်ဖို့ မဖြစ်နိုင်သော်လည်း ထိုအန္တရာယ်များကို လျော့ချရန်၊ သင့်ခါးကို ကာကွယ်ရန် နည်းလမ်းများ ရှိပါသည်။
· ပစ္စည်းများကို ‘မ’ သောအခါ နည်းမှန်လမ်းမှန် ပြုလုပ်ပါ။ ဥပမာ။ ။ ပစ္စည်းများကို မသောအခါ သင့်ခါးကို မထားပါ။ သင့်တင်ပါးနှင့် ခြေထောက်ကို ကွေးပါ။ ပစ္စည်းကို ရင်ဘတ်နဲ့ ကပ်ပြီး ကိုင်ထားပါ။ ဘယ်လိုအလေးချိန်ရှိသော ပစ္စည်းမဆို ဤနည်းသုံးပြီး ‘မ’နိုင်ပါသည်။
· ဆေးလိပ်ဖြတ်ပါ။ စီးကရက်သည် ကျောရိုးအဆစ်ပြား ပျက်စီးမှုရောဂါကို ဖြစ်စေပါသည်။
· အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ပါ။
· အထိုင် ၊ အထ နှင့် အိပ်စက်ချိန်တို့တွင် ကိုယ်ဟန်အနေအထားကို ဂရုစိုက်ပါ။ ကောင်းမွန်သော ကိုယ်ဟန်အနေအထားသည် သင့်ခါးတွင် ဖိအား သက်ရောက်မှုကို လျော့နည်းစေပါသည်။
· နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ ဤနည်းသည် သင့် ကျောရိုးကို ထောက်ပံံံ့ပေးသည့် ခါး နှင့် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပါသည်။
ယေဘုယျအားဖြင့် စိုင်ယာတီကာ အကြောနာသည် အနားယူလျှင် အချိန်တစ်ခုအကြာတွင် ပျောက်သွားလေ့ရှိသည်။ လူနာအများစုသည် ခွဲစိတ်စရာမလိုဘဲ သက်သာသွားသည်။ တစ်ဝက်လောက်ကမူ ခြောက်ပတ်အတွင်း ပြန်ကောင်းသွားသည်။ ထို့ကြောင့် အမြဲ အကောင်းဘက်က ပဲ တွေးပါ။ အကောင်းမြင်စိတ်သည် သင့်ရောဂါ ပျောက်ကင်းမှု ဖြစ်စဉ်ကို ပိုမြန်စေပါသည်။