သရုပ်ဆောင်အဖြစ်မှ တက်ကြွသူလှုပ်ရှားသူတစ်ဦးအဖြစ် ခဏတာကူးပြောင်းမည့် ဂျနီဖာလောရင့်စ်

သရုပ်ဆောင်အဖြစ်မှ တက်ကြွသူလှုပ်ရှားသူတစ်ဦးအဖြစ် ခဏတာကူးပြောင်းမည့် ဂျနီဖာလောရင့်စ်

အော်စကာဆုရှင် ဟော်လိဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်သည် ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအများဆုံး ရရှိ သည့် မင်းသမီးတစ်ဦးဖြစ်သော်လည်း ယခုအခါတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ်   ဆောင်ရွက်ရန် ဟောလိဝုဒ်ကို တစ်နှစ်တာခန့် ကျောခိုင်းတော့မည်ဟု သိရသည်။

The Hunger Games ဇာတ်ကားများနှင့်အတူ နာမည်ကျော်ကြားလာခဲ့သည့် လောရင့်စ်သည် လူငယ်များနှင့် နိုင်ငံရေးအရ ပိုမိုထိစပ်နိုင်ရန်အတွက် သရုပ်ဆောင်လုပ်ငန်းများကို ၁၂ လခန့် ရပ်ဆိုင်းထားတော့မည်ဖြစ် သည်။

အမေရိကန်ဖျော်ဖြေရေးရုပ်သံ ET ၌ မကြာခင်ထွက်ရှိတော့မည့် သူမ၏ ရုပ်ရှင် Red Sparrow နှင့်ပတ်သက်၍ စကားလက်ဆုံပြောကြားခဲ့စဉ်တွင် လောရင့်စ်က “ကျမ တစ်နှစ်လောက် သရုပ်ဆောင်လောကကနေ အနားယူ လိုက်ပါဦးမယ်။ ဒေသတွင်းမှာရှိတဲ့ လူငယ်တွေနဲ့ နိုင်ငံရေးအရပိုမိုနီးစပ်လာဖို့ ကြိုးစားနေတဲ့အနေနဲ့ အဖွဲ့ အစည်းတစ်ခုအတွင်းမှာ ဝင်ရောက်လုပ်ကိုင်မှာပါ” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး “အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကိစ္စတွေကို အဓိကထားလုပ်ဆောင်သွားမှာပါ။ ကျမတို့ရဲ့ ဒီမိုကရေစီအရေးကို ပြုပြင်ထိန်းသိမ်းပြီး အကျင့်ပျက်ခြစားမှုတွေကို ဟန့်တားနိုင်တဲ့ ဥပဒေတွေကို ပြည်နယ် တစ်ခုပြီးတစ်ခုမှာ အတည်ပြုသွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု သူမက ဆိုခဲ့သည်။

ဂျနီဖာလောရင့်စ်၏ Red Sparrow ဇာတ်ကားသည် စပိုင်ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဂျိုအယ်အက်ဒ်ဂါတွန်၊ ရှားလုတ်ရမ်ပ်လင်း၊ ဂျရမီအိုင်ရွန်နှင့် ဂျိုလီရစ်ချက်ဆန်တို့ပါဝင်သရုပ်ဆောင်ထားပြီး မတ်လတွင် ဖြန့်ချီမည်ဟု သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly