မြို့ပတ်ရထား သံလမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်

မြို့ပတ်ရထား သံလမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။            ။ ရန်ကုန်မြို့တွင်းရထားလမ်းဖြစ်သည့် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ရန်အတွက် အသွား၊အပြန် သံလမ်းတစ်ခုတည်းပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ယနေ့ဖေဖော်ဝါရီ၂၀ရက်နေ့ ရထားပို့ဆောင်ရေးသတင်းစာရှင်းလင်းပွဲတွင်အသိပေးခဲ့သည်။ အဆိုပါလမ်းပိုင်းမှ သံလမ်းတစ်လမ်းအားပိတ်၍ အဆင့်မြှင့်တင်မှု   ပြုလုပ်မည်ဖြစ်သည့်အတွက် မြို့ပတ်ရထားလမ်းအချိန်စာရင်းများကိုလည်း အနည်းငယ်ပြောင်းလဲထားသည်။

"၂၁ရက်နေ့ကစပြီးတော့လမ်းတစ်လမ်းကိုပိတ်လိုက်တယ်ဆိုတာဖြစ်တဲ့အတွက် အင်းစိန်ဘက်ကသွားတဲ့ရထားကလည်းဒီလမ်းတစ်လမ်းထဲမှာပဲအသုံးပြုရ၊ တညင်းကုန်းဘက်ကနေ အင်းစိန်လာတဲ့ ရထားကလည်း ဒီလမ်းကြောင်းမှာပဲအသုံးပြုရမှာဖြစ်တဲ့အတွက် ရထားသွားလာရေးလုပ်ငန်းက အလွန့်အလွန်ကိုအန္တရာယ်ကြီးပြီးတော့အရေးကြီးတဲ့အပိုင်းကိုရောက်ရှိသွားပါတယ်"ဟု သွားလာပို့ဆောင်ရေးအထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

ယခင်က ရထား ၆၆စီး သည် အဆိုပါလမ်းပိုင်းပေါ်တွင်သွားလာနေပြီး ယခုတစ်လမ်းတည်းပေါ်တွင်သွားလာရမည်ဖြစ်၍ ဖော့ကန်တွင် ဘူတာတစ်ခုဖွင့်လှစ်ခဲ့သည်။ ၎င်းဖော့ကန်ဘူတာ၌ အင်းစိန်ဘက်မှ တညင်းကုန်းဘူတာဘက်သို့သွားမည့်ရထားများကို အစဉ်လိုက်လက်ခံကာ တညင်းကုန်းဘူတာဘက်သို့ ပို့ဆောင်သွားမည်ဖြစ်ပြီး တညင်းကုန်းဘက်မှလာသည့်ရထားများကို အင်းစိန်ဘက်သို့ပို့ဆောင်သွားမည်ဖြစ်သည်။

"ကျွန်တော်တို့ဒီမှာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး နှစ်ပိုင်းခွဲလိုက်ပါတယ်၊ အနောက်ခြမ်းဆိုရင် သုံးပိုင်းခွဲလိုက်ပါတယ်၊ ပထမဦးဆုံး တညင်းကုန်းကနေ အင်းစိန်၊ အင်းစိန်ပြီးရင် ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်ကနေ ရန်ကုန်အထိ သုံးပိုင်းပိုင်းလိုက်ပါတယ်၊ လုပ်ရမယ့်ကာလကိုကြည့်ရင်တော့ မိုးတွင်းကာလကိုရှောင်ပြီးလုပ်ရပါတယ် ရည်မှန်းထားတာကတော့ကတော့ ၂၀၁၉ခုနှစ်အထိဖြစ်ပါတယ်"ဟု မြန်မာ့မီးရထားအောက်မြန်မာပြည်ရုံး၏ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သိန်းက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရာတွင် ပထမအဆင့်ဖြစ်သည့် အင်းစိန်-တညင်းကုန်လမ်းပိုင်းသည် ၃.၇မိုင်ရှည်လျားကာ ရထားဖြတ်သန်းသွားလာမှုအနည်းဆုံးဖြစ်သည်။ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရာတွင် မြို့ပတ်ရထားခရီးစဉ်အချိန်စာရင်း ပြောင်းလဲသတ်မှတ်ထားသော်လည်း ရုံးချိန်နှင့် ကျောင်းချိန်များအတွက် ထိခိုက်မှုမရှိစေရန် စီစဉ်ထားသည်။ ရထားလမ်းပိုင်းအားလုံးဆင့်မြှင့်တင်ပြီးပါက ၂နာရီခွဲကြာမြင့်စွာသွားလာရသည်ကို ၁နာရီခွဲဖြင့်သွားလာနိုင်မည်ဟု အထွေထွေမန်နေဂျာ ဦးထွန်းအောင်သိန်းက ပြောသည်။

၁၉၅၈ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ရန်ကုန်မြို့ပတ်ရထားလမ်းကိုတည်ဆောက်ခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့ပတ်ရထားကို စီးနင်သူပေါင်းနေ့စဉ် ၉သောင်းခန့်ရှိနေပြီး ရန်ကုန်မြို့ပတ်တစ်ခုလုံးတွင် ပြေးဆွဲနေသည့်ရထားပေါင်း ၁၅၀ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required