ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး မွေးလာသော ကလေး ၁၃ ယောက်ကို တရားဝင်အုပ်ထိန်းခွင့်ရသွားပြီဖြစ်သည့် ဂျပန်ဖခင်

ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး မွေးလာသော ကလေး ၁၃ ယောက်ကို တရားဝင်အုပ်ထိန်းခွင့်ရသွားပြီဖြစ်သည့် ဂျပန်ဖခင်

ဖေဖော်ဝါရီ ၂၀ ။            ။ ထိုင်းအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး ရလာခဲ့တဲ့ ကလေး ၁၃ ယောက်အတွက် တရားဝင် မိဘအုပ်ထိန်းခွင့်ကိုတော့ ယခုအခါ ဖခင်ဖြစ်သူ ဂျပန်အမျိုးသားထံ ဘန်ကောက်တရားရုံးတစ်ခုက ခွင့်ပြုလွှဲအပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် မစ်ဆူတိုကီ ရှီကီတာ ဆိုသူ ဂျပန်အမျိုးသားဟာ ယခုကိစ္စမှာ ထိုင်းနိုင်ငံက အငှားကိုယ်ဝန်ဆောင်သည် မိခင်တွေနဲ့အတူ အဆိုပါ ကလေး ၁၃ ယောက်ကို မွေးဖွားထားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာပဲ အဆိုပါ ၎င်းရဲ့ " ကလေး စက်ရုံ" အရှုပ်တော်ပုံဆိုပြီး  ပေါ်ပေါက်ခဲ့ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းအချိန်တုန်းက ဘန်ကောက်မြို့ တိုက်ခန်းတစ်ခုမှာ တွေ့ရတဲ့ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မွေးကင်းစ ကလေး ၉ ယောက်နဲ့ အခြား ကလေး ၄ ယောက်တို့ ရဲ့  DNA (မျိုးဗီဇ) နမူနာတွေဟာ  ရှီကီတာနဲ့ တူညီပတ်သက်နေတာကို ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါ အရှုပ်တော်ပုံ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ထိုစဉ်အချိန်တုန်းက အငှားကိုယ်ဝန်ဆောင်လုပ်ငန်းအပေါ် တရားဝင် ထိန်းချုပ်ပြဌာန်းရသေးခြင်းမရှိတဲ့ ထိုင်းနိုင်ငံအတွက်ကတော့ အဆိုပါ ဖြစ်စဉ်နဲ့အတူ ရိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံခြားသားတွေဘက်က ထိုင်းမိန်းကလေးတွေကို ပိုက်ဆံပေးပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းမှုအပေါ် တားမြစ်ခဲ့ရပါတယ်။

ဂျပန်သူဌေးကြီးတစ်ဦးရဲ့ သားတစ်ဦး ဖြစ်တဲ့ ရှီကီတာ ဟာ အဆိုပါ အရှုပ်တော်ပုံ ဖြစ်စဉ်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ခွာလာခဲ့ပြီး များမကြာမီမှာပဲ ထိုင်း အစိုးရ လူမှုဖွံ့ဖြိုးရေးနဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

" ဒီ ကလေး ၁၃ ယောက်အတွက် သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာ ဖခင်တော်စပ်သူဆီကနေ ပျော်ရွှင်မှုတွေ၊ အခွင့်အလမ်းတွေ ရရှိနိုင်မယ့် အပေါ် ထောက်ထားသောအားဖြင့် သူတို့ကို ဒီ တရားလိုရဲ့ တရားဝင် သားသမီးတွေ ဖြစ်ခွင့် ပေးလိုက်ပါပြီ၊ ဒီအမှုမှာ ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း နောက်ကြောင်းမှာ ဘာမှ ဆိုးရွားတဲ့ ပြစ်ချက်တွေလည်း ရှိမနေပါဘူး၊ အငှားကိုယ်ဝန်ဆောင်ပြီး မွေးလာတယ်ဆိုပေမယ့် ဒီကလေးတွေရဲ့ မိဘအုပ်ထိန်းခွင့်ကိုတော့ ဒီတရားလိုဖြစ်သူ ဂျပန်အမျိုးသားကိုပဲ ပေးလိုက်ပါပြီ" ဆိုပြီး ဘန်ကောက် ဗဟို လူငယ်တရားရုံးက ဆုံးဖြတ်သွားပါတယ်။

ယခုလို ကလေး ၁၃ ယောက်ကို အငှားကိုယ်ဝန်ဆောင်စေရာမှာတော့ ရှီကီတာဟာ ထိုင်းအမျိုးသမီး တစ်ဦးစီကို ဒေါ်လာ ၉,၃၀၀ ကနေ ၁၂,၅၀၀ အကြား ပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly