မြန်မာဓာတ်ပုံဆရာများ၏ ကိုလိုနီခေတ်နှောင်းဓာတ်ပုံများကို ပထမဆုံးအကြိမ်ပြပွဲလုပ်

မြန်မာဓာတ်ပုံဆရာများ၏ ကိုလိုနီခေတ်နှောင်းဓာတ်ပုံများကို ပထမဆုံးအကြိမ်ပြပွဲလုပ်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။                    ။ မြန်မာဓာတ်ပုံဆရာများရိုက်ကူးခဲ့သည့် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းက ဓာတ်ပုံများပါဝင်သည့် ဓာတ်ပုံပြပွဲတစ်ခုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် ပြုလုပ်နေသည်။

အဆိုပါဓာတ်ပုံများမှာ ၁၉၁၀ ဝန်းကျင်မှ ၁၉၉၀ ဝန်းကျင်နောက်ပိုင်းထိအပြင် လက်ရှိအချိန်ထိ မြန်မာဓာတ်ပုံဆရာများရိုက်ကူးထားသည့် ဓာတ်ပုံများပါဝင်သည်ဟု ပွဲစီစဉ်ပေးသည့်  Goethe Institut မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဝင်းထက်အောင်ကပြောသည်။

သြစတေးလျနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးမှ ၂၀၁၃ ခုနှစ်မှစတင်ကာ ၅ နှစ်တာကြာအောင်ဓာတ်ပုံများကို အိမ်တိုင်ရာရောက်သွားရောက် တောင်းယူ စုစည်းခဲ့ရပြီး ပြပွဲတွင်စုစုပေါင်းဓာတ်ပုံ ၄၀၀ ခန့်ပြသထားကြောင်းသိရသည်။

" ဒီမှာတွေ့ရမှာက နိုင်ငံရေးဓာတ်ပုံတွေလည်းတွေ့ရမယ်။ ဘာသာရေးဓာတ်ပုံတွေလည်းတွေ့ရမယ်။ ကချင်၊ ရှမ်း စတဲ့မျိုးနွယ်စု ဓာတ်ပုံတွေလည်းတွေ့ရမယ်ပေါ့။ ဓာတ်ပုံအမျိုးမျိုးဒီထဲမှာပါတယ်။ နိုင်ငံရေးတင်မဟုတ်ဘူး။ ဘာသာရေးတင်မဟုတ်ဘူး။ စီးပွားရေးအကြောင်းအရာတင်လည်းမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ သမိုင်းမှာရှိတဲ့ ဓာတ်ပုံအမျိုးအစား အစုံအလင်ကိုတွေ့ရမှာဖြစ်ပါတယ် " ဟု ကိုဝင်းထက်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်နှောင်းပိုင်းအပြင် ကိုလိုနီခေတ်တွင် ရိုက်ကူးခဲ့သော မြန်မာဓာတ်ပုံဆရာများ၏ ဓာတ်ပုံများကိုစနစ်တကျစုစည်းတင်ဆက်ထား ခြင်းမျိုးမရှိသေးသည့်အတွက် Goethe Institut မှနေ၍ ပါဝင်စီစဉ်ပေးဖြစ်ခဲ့ခြင်းဟုလည်း ၎င်းကဆိုသည်။

ဝန်ကြီးရုံး(အတွင်းဝန်ရုံး) တွင်ပြုလုပ်သည့် ယင်းဓာတ်ပုံပြပွဲကို မတ်လ ၁၁ရက် နေ့ထိ ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly