အီရန်နိုင်ငံ၌ ဆူဖီဂိုဏ်း၏ ဆန္ဒပြပွဲများအတွင်း ရဲ ၃ ဦးသေဆုံး

အီရန်နိုင်ငံ၌ ဆူဖီဂိုဏ်း၏ ဆန္ဒပြပွဲများအတွင်း ရဲ ၃ ဦးသေဆုံး

တီဟီရန်၊ အီရန်၊ ဖေဖေါ်ဝါရီ ၂၀ ။              ။ အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့၌ဖြစ်ပွားခဲ့သော ဆူဖီဂိုဏ်း၏ဆန္ဒပြပွဲများအတွင်း ပြင်းထန်သောတိုက်ခိုက်မှု တိုက်ခိုက်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသတွင်းမီဒီယာသို့ ပြောခဲ့သည်။

“ဘတ်စ်ကားတစ်စီးကို အသုံးပြုပြီးကျူးလွန်ခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ဦး သေဆုံးသွားခဲ့ပါ တယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်မွန်တာဇာအယ်လ်မာဒီက IRNA သတင်းအေဂျင်စီသို့ ပြောခဲ့သည်။

နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သော ဗီဒီယိုမှတ်တမ်းထဲ၌ ဘတ်စ်ကားတစ်စီးသည် တီဟီရန်မြို့မြောက်ပိုင်းရှိ ရဲအရာရှိအုပ်စုထဲသို့ အရှိန်နှင့်တစ်ဟုန်ထိုး ဝင်တိုက်ခဲ့သည်ကို တွေ့ရသည်။

အီရန်၏ ဂွန်နာဘာဒစ်ဆူဖီဘာသာရေးဂိုဏ်းအဖွဲ့ဝင်များသည် ဂိုဏ်းသားများကို ဖမ်းဆီးခဲ့မှုနှင့်ပက်သက်၍ တီဟီရန်မြို့ထဲ၌ ဆန့်ကျင်ဆန္ဒပြနေခဲ့ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သော လူမှုမီဒီယာမှ တင်ပြချက်များအရ သိရသည်။

ထိုဆန္ဒပြပွဲများကိုဖြိုခွင်းရန်အတွက် သေနတ်များပစ်ဖောက်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကဆိုခဲ့ပြီး အဓိကရုဏ်းနှိမ်နင်း ရေး ရဲများသည် လမ်းမများပေါ်၌ပြေးလွှား၍ အနက်ရောင်ဝတ်ဆန္ဒပြသူများနှင့် အချင်းများနေသည်ကို လူမှု မီဒီယာပေါ်ရှိ ဗီဒီယိုမှတ်တမ်းများထဲ၌ တွေ့ရသည်။

“ရဲတပ်ဖွဲ့နဲ့ ထိန်းသိမ်းရေးတပ်ဖွဲ့တွေဟာ ဆူဖီဂိုဏ်းသားအများအပြားကို ဖမ်းဆီးခဲ့ပြီး မျက်ရည်ယိုဗုံးများ ပစ်ဖောက်ပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးက IRNA သို့ ပြောခဲ့သည်။

ယင်းသို့ ဘတ်စ်ကားနှင့်ဝင်တိုက်မှုကြောင့် ရဲအရာရှိအများအပြား ဒဏ်ရာရရှိခဲ့ပြီး အချို့ကို ဆေးရုံသို့ပို့ဆောင် ကုသပေးခဲ့ရကြောင်း သိရသည်။

ဂွန်နာဘာဒစ်ဂိုဏ်းသည် အီရန်နိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ဆူဖီဘာသာရေးဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ မြို့အများအပြား၌တည်ရှိကာ ယင်းဂိုဏ်းသည် အီရန်အစိုးရအနေဖြင့် နိုင့်ထက်စီးနင်းပြုလုပ်မှု များနှင့် ခွဲခြားဆက်ဆံမှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly