Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ် ၁ နေရာမှဦးဆောင်နေသည့် Black Panther အယ်လ်ဘမ်

Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ် ၁ နေရာမှဦးဆောင်နေသည့် Black Panther အယ်လ်ဘမ်

ယခုအပတ်အတွင်းထွက်ရှိခဲ့သည့် Black Panther ရုပ်ရှင်သည် အမေရိကန်ပြည်တွင်းနှင့် နိုင်ငံတကာ၌ ရုံဝင်ငွေမြောက်မြားစွာရရှိပြီး အောင်ပွဲခံနေသလို ယင်းရုပ်ရှင်ထဲမှ ဇာတ်ဝင်တေးများအားလုံးကိုစု၍ အယ်လ်ဘမ်ထုတ်ထားသည့် Black Panther: The Album သည် အချပ်ရေ ၁၅၄၀၀၀ ခန့်ရောင်းချနိုင်ခဲ့ပြီး Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ် ၁ နေရာမှ ဦးဆောင်လျက်ရှိသည်။

Black Panther ထက် အချပ်ရေပိုမိုရောင်းချနိုင်ခဲ့သော ရုပ်ရှင်ဇာတ်ဝင်တေးအယ်လ်ဘမ်မှာ Suicide Squad ဖြစ်ပြီး လွန်ခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ဇယားထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ကာ အချပ်ရေ ၁၈၂၀၀၀ ခန့် ရောင်းချနိုင်ခဲ့သည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်အချပ်လိုက် ရောင်းချရမှု များ၊ သီချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

Black Panther သည် ၂၀၁၈ ခုနှစ်အတွင်း Billboard အယ်လ်ဘမ်ဇယား၌ ထိပ်ဆုံးမှဦးဆောင်နိုင်သည့် ဒုတိယမြောက်ဇာတ်ဝင်တေးအယ်လ်ဘမ်ဖြစ်ပြီး ပထမအယ်လမ်ဘမ်မှာ လွန်ခဲ့သော ဇန်နဝါရီလက ဇယားထိပ် ၌ နှစ်ပတ်ခန့် ဦးဆောင်နိုင်ခဲ့သော The Greatest Showman အယ်လ်ဘမ်ဖြစ်သည်။

လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ ရုံတင်ပြသလျက်ရှိသော Marvel ရုပ်ပြဇာတ်လမ်းကို ဖန်တီးထားသည့် စူပါဟီးရိုးရုပ်ရှင် Black Panther သည် အမေရိကန်ပြည်တွင်း၌ ပထမအပတ်ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်းခန့် ရရှိခဲ့ပြီး Box Office ရုံဝင်ငွေဇယား၌ ဦးဆောင်နေသလို နိုင်ငံတကာမှလည်း ရုံဝင်ငွေဒေါ်လာ ၁၆၉ သန်းခန့်ရရှိထားသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required