ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါး ကီလို ၃၃၀ သြစတြေးလျရဲများ ဖမ်းမိ

ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါး ကီလို ၃၃၀ သြစတြေးလျရဲများ ဖမ်းမိ

ဖေဖော်ဝါရီ ၁၉ ။            ။ သြစတြေးလျနိုင်ငံမှာ အလေးချိန် ကီလို ၃၃၀ (၇၂၇ ပေါင်) ရှိ မြောက်မြားလှတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့အတူ လူသုံးဦးကိုပါ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ယခု ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်းကာလပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၁၄ သန်းအထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

ယခုတစ်ကြိမ် မက်သာဖက်တမင်နှင့် ice တို့ပါဝင်တဲ့ မူးယစ်ဆေးဝါးတွေကို အမြောက်အမြား ဖမ်းမိခြင်းက တောင်သြစတြေးလျပြည်နယ်မှာတော့ ပမာဏအများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး နေးလ် ဂေါင်ဟန်က သတင်းထောက်တွေကို ပြောပါတယ်။

ယခု သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကိုတော့ ကုန်တင်သင်္ဘောတစ်စင်းပေါ်က ကွန်တိန်နာတစ်စီးထဲမှာ ဝှက်ထားတာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်း မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ အမျိုးသား သုံးဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးစစ်ဆေးနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခု ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်ကနေ ပို့လိုက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အရှေ့တောင်အာရှဒေသကနေ ရောက်လာတာဖြစ်နိုင်ကြောင်း ဂေါင်ဟန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly