ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်ဝင်လာမယ့်သူတွေကို ယာယီလက်ခံသွားမယ့် လှဖိုးခေါင်ကြားစခန်း

ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်ဝင်လာမယ့်သူတွေကို ယာယီလက်ခံသွားမယ့် လှဖိုးခေါင်ကြားစခန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးစခန်းများမှ စိစစ်လက်ခံပြီးသူများကို ယာယီထားရှိမည့် ကြားစခန်းဖြစ်သော လှဖိုးခေါင်စခန်း   ပြင်ဆင်နေမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

 

ဖေဖော်ဝါရီ ၁၉ ။                     ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူတွေကို ပြန်လည်လက်ခံရေးစခန်းများဖြစ်တဲ့ မောင်တော တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်း တို့တွင် စိစစ်လက်ခံသွားမှာဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းများမှ စိစစ်လက်ခံပြီးသူတွေကို လှဖိုးခေါင်စခန်းတွင် ယာယီ ထားရှိမယ်လို့ သိရပါတယ်။ ဒီစခန်းက ၁၂၄ ဧက ကျယ်ဝန်းပြီး အဆောက်အဦ  ၆၂၅ လုံး တည်ဆောက်နေတာဖြစ်ပြီး လူဦးရေ ၃၀၀၀၀ ခန့် အထိ ယာယီ နေထိုင်နိုင်မယ်လို့ UEHRD က ခန့်မှန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်ဝင်လာသူတွေအနေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေဖြစ်တဲ့  တောင်ပြိုလက်ဝဲက ကုန်းလမ်းဖြစ်ပြီး ငါးခူရစခန်းက ရေလမ်းမှ ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD)ဒုတိယဥက္ကဋ္ဌ ဖြစ်သူ   ဒေါက်တာဝင်းမြတ်အေးက ပြန်လာမယ့်သူ တွေ အတွက် နေအိမ်တွေ အသင့်မဖြစ်သေးခင် လှဖိုးခေါင်ဆိုတဲ့ ကြားစခန်းမှာ  ခေတ္တထားရှိမှာ ဖြစ်ပါတယ်။

"ကြားစခန်းဆိုတာကတော့ ရက်အနည်းငယ်နေရမယ်။ ဒါမှမဟုတ် လအနည်းငယ် နေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အိမ်တွေဆောက်နေတဲ့ အချိန်အတွင်းပေါ့နော်။ တစ်ချို့နေရာတွေကလည်း မဆောက်ရသေး ဘူး၊ ဒီကာလက ဒီအတိုင်းပဲ ရှိနေမှာ ဆောက်ပြီးသား အဆင်သင့်တော့ ရှိမနေဘူးလေ" ဟု ဒေါက်တာ ဝင်းမြတ်အေးက ဇန်နဝါရီလ ၁၁ ရက်က မဇ္ဈိမသို့ ပြောထားပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂ ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် တောင်ပြိုလက်ဝဲ မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ယာယီလက်ခံမဲ့ နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူတွေကို အမြန်ဆုံးနေရပ်သို့ ပို့ဆောင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတည်ဆောက်ရေးလုပ်ငန်းတွေဟာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD၏ ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ် အတွက် စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူတွေကို ပြန်လည်နေရာချထားပေးဖို့ အစိုးရမှ ပြင်ဆင်နေပြီး   နေရာသပ်သပ်စီ ချထားပေးရန် အစီအစဉ်များ ရှိနေကြောင်း တွေ့ရပါတယ်။

အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာမဲ့သူတွေထဲက ဟိန္ဒူဘာသာဝင်တွေကို အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနဲ့ လေးမိုင်တို့တွင် နေရာချထားပေးမှာ ဖြစ်ပြီး သူတို့အတွက် နေအိမ်တွေ ဆောက်လုပ်နေတယ် လို့ အစိုးရဘက်မှ ထုတ်ပြန်ထားပါတယ်။

 

ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေအတွက် ချထားပေးမယ့်နေရာကို အစိုးရမှ အတိအကျ ထုတ်ပြန်ထား တာ မရှိပေမယ့်လည်း ကျေးရွာတွေမှာ လူနေအိမ် ဆောက်လုပ်ပေးနေတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းအစိုးရအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး မောင်တောမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ရှိနေသည့် ပန်းတောပြင်ကျေးရွာတွင် နေအိမ် ၂၂ လုံး၊ မောင်တောမြို့ နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည့် မြိုတိုင်းရင်းသားများနေထိုင်သည့် ကိုင်းကြီးကျေးရွာတွင် နေအိမ် အလုံး ၅၀ ဆောက်လုပ်ပေးမည် ဖြစ်သည်။

မောင်တောမြို့ရဲ့၂ မိုင်ခန့် အကွာတွင် ရှိနေတဲ့ ပန်းတောပြင်ကျေးရွာက မွတ်စလင်ဘာသာဝင်များ နေထိုင်ရာ ရွာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေးရွာတစ်ရွာ လည်း ဖြစ်သလို မောင်တောမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိတဲ့ ကိုင်းကြီးကျေးရွာက မြိုတိုင်းရင်းသားများ နေထိုင်ရာရွာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ်၊ သစ်တုံးနားဂွဆုံရွာရှိ မြိုတိုင်းရင်းသားများ နေထိုင်မည့် အိမ် ၄၄ လုံး ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကလည်း  ပြောထားပါတယ်။

ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေ (မြို၊ သက်၊ မရမာကြီး၊ ခမီ၊ ဒိုင်းနက်) အတွက် သစ်တုံးနား ခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကား ရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကား လမ်းဘေး၊ ဖော်တီ တောင်(မရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမ နဲ့ ခမောင်းဆိပ်မြို့အနီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း တွေ  ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီး အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့တဲ့နောက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူအမြောက်အမြား ထွက်ပြေးသွားခဲ့ကာ ထွက်ပြေးသွားတဲ့ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး မည်မျှရှိလဲဆိုတာကို အစိုးရဘက်မှ သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီလ ၂၃ ရက်က စတင်လက်ခံဖို့ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဖက်က စီစစ်မှုတွေ မပြီးသေးတာကြောင့် အခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဖက်မှ ပြန်ဝင်လာခြင်း မရှိသေးပါဘူး။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ပြုလုပ်ခဲ့ဲတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင်  ပထမဆုံးအသုတ် လွှဲပြောင်းပေးမည့် လူ ၈ ထောင် ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့  ပေးခဲ့ပြီး နှစ်နိုင်ငံကြား နယ်စပ်ဆက်ဆံရေး ရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တော နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် အမြန်ဆုံးဖွင့်လှစ်သွားရန်လည်း ပါဝင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly