ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့် လူ ၈ ထောင်ကျော်စာရင်းအား စစ်ဆေးလက်ခံသွားမည်ဟု လူကယ်ပြန်ဝန်ကြီးဆို

ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့် လူ ၈ ထောင်ကျော်စာရင်းအား စစ်ဆေးလက်ခံသွားမည်ဟု လူကယ်ပြန်ဝန်ကြီးဆို
ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် တွေ့ရစဉ်

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။                     ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့ထားသော  လူဦးရေ ၈ ထောင်ကျော်စာရင်းအား စစ်ဆေးပြီးမှ လက်ခံသွားမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါသူများသည် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ခြင်း ဟုတ်မဟုတ် ၊ အကြမ်းဖက်မှုနှင့် ကင်းလွတ် ခြင်း ရှိမရှိ ပြန်စစ်ဆေးလက်ခံသွားမည်ဟု သိရသည်။

"ပေးလိုက်တဲ့ စာရင်းထဲမှာပါတဲ့လူတွေကို ဒီမှာရှိနေတဲ့စာရင်းနဲ့ တိုက်ကြည့်ရတယ်။ စိစစ်မှုတွေ လုပ်ရတယ်။ ဒီလူတွေက ဒီမှာနေသွားတဲ့လူတွေ ဖြစ်တယ်။ အကြမ်းဖက်မှုမှာ မပါဘူးဆိုလို့ရှိရင် အဲဒီစာရင်းကို ဟိုဘက် ပြန်ပို့ရတယ်။ ဟိုဘက်က အဲဒီလူတွေကို အစဉ်လိုက် တစ်နေ့ သုံးရာပို့မယ်ဆိုရင်သုံးရာ ပို့မယ်ပေါ့နော်" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ပြုလုပ်ခဲ့ဲသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင်  ပထမဆုံးအသုတ်လွှဲပြောင်းပေးမည့် လူ ၈ ထောင် ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့  ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကနဦးအဆင့်အနေဖြင့် နေရပ်ပြန်ပို့ခံရမည့် လူပေါင်း ၆,၅၀၀ ကို မြန်မာအစိုးရတာဝန်ရှိသူများက ရွေးချယ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားထားသည်။

၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ လူဦးရေ ၆ သိန်းခန့် ထွက်ပြေးခဲ့သည်ဟု ကုလသမဂ္ဂဘက်က ပြောဆိုထားသော်လည်း မြန်မာနိုင်ငံဘက်ကမူ အဆိုပါ အရေအတွက်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မပြုထားသေးပေ။

ဖေဖော်ဝါရီ ၁၆ ရက်၊ ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၆ နာရီခွဲအထိ ဒါကာမြို့တွင် နှစ်နိုင်ငံပြည်ထဲရေး ဝန်ကြီးများ သဘောတူညီချက်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တော နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် အမြန်ဆုံးဖွင့်လှစ်သွားရန်လည်း ပါဝင်သည်။

မူလက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေး အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်တွင်  စတင်ရန် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဖက်မှ စီစစ်မှုများ ပြုလုပ်နေသောကြောင့် ကြန့်ကြာနေခြင်း ဖြစ်ပြီး ယခု လူဦးရေ ၈ ထောင်ကျော်စာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပထမဆုံးအကြိမ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly