ကိုဆိုဗိုမှာ လွတ်လပ်ရေးကြေညာမှု ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်

ကိုဆိုဗိုမှာ လွတ်လပ်ရေးကြေညာမှု ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၉ ။         ။ ကိုဆိုဗိုသမ္မတနိုင်ငံမှာ လွတ်လပ်ရေးကြေညာမှု ဆယ်နှစ်ပြည့် အခမ်းအနားတစ်ခုကို ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာလည်း မြို့တော် ပရစ်စတီးနားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချီတက်လမ်းလျှောက်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ခုချိန်မှာတော့ ယင်းရဲ့အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဆားဘီးယားဘက်က အသိအမှတ်မပြုဘဲ ဆက်လက်ငြင်းဆန်နေဆဲဖြစ်ပေမယ့်လည်း ယခုလို ဆယ်နှစ်ပြည့်အခမ်းအနား ကျင်းပမှုဟာ ဒေသခံတိုင်းရင်းသား အယ်လ်ဘေးနီးယန်း လူမျိုးစုအတွက်ကတော့ ဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။

ယခု ကျင်းပတဲ့ လွတ်လပ်ရေးကြေညာမှု ဆယ်နှစ်ပြည့်အခမ်းအနားမှာတော့ ချီတက်လမ်းလျှောက်မှုတွေအပြင် ပျော်ပွဲရွှင်ပွဲတွေကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။

ကိုဆိုဗိုကတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလက ဆားဘီးယားဆီကနေ သီးခြားလွတ်လပ်ရေးရကြောင်း ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကြေညာချက်ကို ဆာဘီးယားအပါအဝင် နိုင်ငံတစ်ချို့က လက်မခံခဲ့တာကြောင့် ခုချိန်ထိလည်း နိုင်ငံတကာမှာ အပြည့်အ၀ အသိအမှတ်ပြုခံထားရသေးခြင်းမရှိတဲ့ အငြင်းပွားနိုင်ငံအဖြစ် ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ ယင်းကိုတော့ လက်ရှိအချိန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၁၂ နိုင်ငံကသာ နိုင်ငံအဖြစ် အသိအမှတ်ပြုထားပါတယ်။

" ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်ရေးက ပြည်သူတွေရဲ့တောင်းဆိုမှုနဲ့အတူ ဖြစ်ပေါ်လာတာဖြစ်ပါတယ်၊ ဒါကို ဆက်ထိန်းသွားပါမယ်၊ ဒါ့အပြင် ဖြည့်ဆည်းပေးဖို့ ကျန်နေသေးတဲ့ ပြည်သူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားသွားပါမယ်" ဆိုပြီး ကိုဆိုဗို ဝန်ကြီးချုပ် ရာမွတ်ရှ် ဟာရာဒင်နိုက်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required