အိမ်ထောင်ပြုချင်သော်လည်း ချစ်ရေးဆိုမယ့်သူမရှိလို့ အခက်ကြံုနေကြရရှာတဲ့ ဆီးရီးယားမိန်းမပျိုလေးများ

အိမ်ထောင်ပြုချင်သော်လည်း ချစ်ရေးဆိုမယ့်သူမရှိလို့ အခက်ကြံုနေကြရရှာတဲ့ ဆီးရီးယားမိန်းမပျိုလေးများ

 

ဖေဖော်ဝါရီ ၁၉ ။               ။ ဆီးရီးယားကျောင်းသူတစ်ဦးဖြစ်တဲ့ နော်အာတစ်ယောက် ဘာမှဝတ်မထားဘဲ ပြောင်ရှင်းနေတဲ့ သူမရဲ့ လက်သူကြွယ်လေးကို ကြည့်လိုက်မိတိုင်း စိတ်ထဲမှာ ကြေကွဲသလို ခံစားမိတယ်လို့ ဆိုပါတယ်။ သူမ လက်ရှိတက်နေတဲ့ ဒမက်စကက် တက္ကသိုလ်က အခြားအတန်းဖော် မိန်းကလေးတွေလည်း သူမလိုပါပဲလို့ ပြောပါတယ်။

တကယ်တမ်းမှာတော့ နော်အာအပါအဝင် သူမတို့ ဆီးရီးယားနိုင်ငံက မိန်းမပျို တော်တော်များများဟာလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာပြီး လက်ထပ်ချင်နေပြီဖြစ်ပေမယ့် သင့်တော်တဲ့ လူပျိုအမျိုးသားတွေကို ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်း မသိ ဖြစ်နေကြရရှာပါတယ်။

ခုဆိုရင် အသက် ၃၀ တင်းတင်းပြည့်ပြီဖြစ်တဲ့  နော်အာကတော့ သူမအနေနဲ့ ခုချိန်မှာ လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ချင်နေပြီလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောသွားပါတယ်။ ဒါပေမယ့် သူမတို့ ဆီးရီးယားမှာက လက်ရှိမှာ ပဋိပက္ခ တိုက်ပွဲတွေဖြစ်နေခဲ့တာဟာ ကာလရှည်ကြာနေခဲ့ပါပြီ။ အဲဒီအတွက်ကြောင့်လည်း သူမတို့ကို ချစ်ရေးဆိုနိုင်တဲ့ အလားအလာရှိတဲ့ ဆီးရီးယား လူပျိုလူလွတ် အမျိုးသားအများစုဟာလည်း အိမ်ထောင်ပြုဖို့ထက် စစ်တပ်ထဲ ဝင်ပြီး တိုက်ခိုက်ရတာ ဒါမှမဟုတ် အသက်ပေးသွားရတာတွေနဲ့ပဲ ဘဝကို ဖြတ်သန်းကုန်ဆုံးနေကြရလျက်ရှိပါတယ်။

" တစ်နေ့နေ့မှာတော့ ကျွန်မရဲ့ လက်သူကြွယ်မှာ လက်ထပ်လက်စွပ် ဝတ်ရလိမ့်မယ်လိ့ုတော့ မျှော်လင့်နေမိတုန်းပါ၊ ခုက ကျွန်မတို့ဆီမှာက လူငယ်အမျိုးသားတွေ အများကြီးမရှိတော့ဘူးလေ၊ သူတို့အားလုံး ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဒီကနေ အသီးသီး ထွက်သွားခဲ့ကြရတယ်၊ ခုဆိုရင် တစ်နှစ်ပြီး တစ်နှစ် ဒီမှာ အမျိုးသားတွေ တစ်ဖြည်းဖြည်း ပိုပိုလျော့သွားနေတာကို ကျွန်မ သတိထားမိပါတယ်" ဆိုပြီး နော်အာက ပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က လူထုဆန္ဒပြမှုတွေနဲ့အတူ စဖြစ်ခဲ့တဲ့ ဆီးရီးယား ပဋိပက္ခစစ်ပွဲတွေကတော့ ကာလရှည်ကြာနေလျက်ရှိပြီး ခုချိန်ထိလည်း ဆက်ဖြစ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် နော်အာကတော့ လက်ရှိအချိန်မှာ စီးပွားရေးပညာနဲ့ ဘွဲ့ရဖို့ လုံးပန်းနေလျက်ရှိဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့မှာတော့ သူမရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်ဝလိမ့်မယ်လို့ နော်အာတစ်ယောက် မျှော်လင့်ထားမိဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly