အစ္စရေးတို့ရဲ့ သန္နိဋ္ဌာန်ကိုလာမစမ်းနဲ့ဟု အီရန်ကို နီတန်ယာဟုသတိပေး

အစ္စရေးတို့ရဲ့ သန္နိဋ္ဌာန်ကိုလာမစမ်းနဲ့ဟု အီရန်ကို နီတန်ယာဟုသတိပေး

 

မြူးနစ်၊ ဂျာမနီ၊ ဖေဖေါ်ဝါရီ ၁၉ ။               ။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုက ဆီးရီးယားနိုင်ငံအတွင်းသို့ အီရန်နှင့် သူ၏ကိုယ်စားပြုအဖွဲ့များ ကျူးကျော်ဝင်ရောက်လာမှုနှင့်ပက်သက်၍ အီရန်အစိုးရအားသတိပေးလိုက်ပြီး အစ္စရေးအနေဖြင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့်အလုပ်ကို လုပ်မည်မဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်ခိုက် နီတန်ယာဟုသည် အီရန်အစိုးရအဖွဲ့မှ အာဏာရှင်များကို သတင်းစကားပါးလိုက်သည်ဟု ရည်ရွယ်ပြောဆိုကာ “အစ္စရေးတို့ရဲ့ သန္နိဋ္ဌာန်ကိုလာမစမ်းနဲ့” ဟု သတိပေးခဲ့သည်။

ယခုလအတွင်း ဆီးရီးယားတပ်ဖွဲ့များပါဝင်သည့်တိုက်ပွဲများနှင့် ဆီးရီးယားနိုင်ငံရှိအခြေစိုက်စခန်းမှ အီရန်တို့ လွှတ်တင်လိုက်သည့် မောင်းသူမဲ့ဒရုန်းလေယာဉ်တို့ကြောင့် အစ္စရေးတို့နှင့် ၎င်းတို့၏မဟာရန်သူများကြား တင်းမာမှုများ အရှိန်မြှင့်တက်လာချိန်တွင် နီတန်ယာဟုက ယခုလို ရဲရတောက်မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် နီတန်ယာဟုသည် မိန့်ခွန်ပေးရာစင်မြင့်ပေါ်၌ ထောင့်မှန်စတုဂံပုံ အစိမ်းရင့်ရောင် သတ္တုအပိုင်းအစ လေးကို ဝှေ့ယမ်းပြသခဲ့ပြီး “ဒီမှာ ကျနော်တို့ပစ်ချလိုက်လို့ ပျက်ကျသွားခဲ့တဲ့ အီရန်မောင်းသူမဲ့လေယာဉ်ရဲ့ အပိုင်းအစလေးဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ထို့နောက် ညီလာခံတွင်မိန့်ခွန်းပြောကြားခဲ့သည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်ကို ရည်ရွယ်ပြီး သူက “ဒါပေမယ့် ဆီးရီးယားနိုင်ငံအတွင်းမှာ အီရန်တို့ ပါဝင်ပက်သက်နေတယ်ဆိုတာကို မစ္စတာဇာရစ်ဖ်ဘက်က ငြင်းဆန်မယ်ဆိုတာ မလွဲဧကန်ပါပဲ” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး နီတန်ယာဟုက “မစ္စတာဇာရစ်ဖ်ရေ၊ ခင်ဗျားဒါလေးကို မှတ်မိလား။ ခင်ဗျားမှတ်မိသင့်ပါတယ်။ ဒါခင်ဗျားတို့ဟာပဲလေ” ဟု ပြောဆိုခဲ့ပြီး အီရန်တာဝန်ရှိသူများသည် စကားလုံးကောင်းကောင်းနှင့် လိမ်လည် လေ့ရှိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုသို့ နီတန်ယာဟုဘက်မှ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် မစ္စတာဇာရစ်ဖ်က နီတန်ယာဟု၏ မိန့်ခွန်းမှာ ဆပ်ကပ်အဖွဲ့မှလူပြောဆိုသော ပြောင်ချော်ချော်စကားများဖြစ်ပြီး တုံ့ပြန်ဖို့ပင်မထိုက်တန်ကြောင်း ပြက်ရယ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required