အချစ်စစ်ဆိုတာကို မယုံကြည်ဘူးလို့ဆိုလိုက်တဲ့ ဗြိတိန်မင်းသား ရောဘတ်ပတ်တင်ဆန်

အချစ်စစ်ဆိုတာကို မယုံကြည်ဘူးလို့ဆိုလိုက်တဲ့ ဗြိတိန်မင်းသား ရောဘတ်ပတ်တင်ဆန်

Twilight ဇာတ်ကားများနှင့်အတူ နာမည်ကျော်ကြားလာခဲ့သည့် ဗြိတိန်မင်းသား ရောဘတ်ပတ်တင်ဆန်က သူသည် အချစ်စစ်ဆိုတာကို ယုံကြည်ခြင်းမရှိကြောင်း သူပါဝင်သရုပ်ဆောင်ထားသည့် အချစ်ဟာသဇာတ်ကား Damsel အတွက် ဘာလင်ရုပ်ရှင်ပွဲတော်သို့ ပြီးခဲ့သော သောကြာနေ့က တက်ရောက်ခဲ့စဉ်တွင် ပြောဆိုခဲ့သည်။

Damsel ဇာတ်ကားကို ဒါရိုက်ဒေးဗစ်နှင့် နေသန်ဇယ်လ်နာတို့က ရိုက်ကူးထားပြီး ထိုအထဲတွင် ပတ်တင်ဆန် သည် ကြမ်းတမ်းသောအနောက်ပိုင်းဒေသို့ ခရီးထွက်ခွာပြီး သူ၏ ချစ်သူဖြစ်သော ပန်နီလုတ်ပ်အား လိုက်လံ ရှာဖွေနေသည့် လူချမ်းသာလေး ဆန်မြူရယ်အလာဘတ်စ်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ပန်နီလုတ်ပ်အဖြစ် သြစတြေးလျမင်းသမီးလေး မီယာဝါဆစ်ကောစကာက သရုပ်ဆောင်ထားသည်။

“ကျွန်တော့်ကို အချစ်စစ်၊ သန့်စင်တဲ့အချစ်ကို ယုံသလားလို့မေးတာလား။ မယုံပါဘူးဗျာ။ ဒီအရာက ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုမိုပြီးရှုပ်ထွေးမှုရှိတယ်ဆိုတာ သိသာပါတယ်ဗျာ” ဟု ပတ်တင်ဆန်က သူ၏ Damsel ဇာတ်ကားကို ပြသပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်ခိုက် သတင်းထောက်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် ပတ်တင်ဆန်က လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုများကို ဆန့်ကျင်နေသည့် #MeToo လှုပ်ရှားမှု သည် အရေးပါသော ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

“ခင်ဗျားတို့ဟာ အချိန်အတော်ကြာအောင် အနိုင်ကျင့်ခံနေရပြီး ဒီဖြစ်ရပ်ကို နှုတ်ဆိတ်နေရမယ်ဆိုရင် ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရတာပဲလို့ ကျနော်ထင်ပါတယ်။ အခုလှုပ်ရှားမှုကြောင့် လူတွေဟာ သူတို့အနိုင်ကျင့်ခံနေရတာနဲ့ပက်သက်ပြီး ပြောရဲဆိုရဲရှိလာပြီး သူတို့ပြောသမျှအတွက်လည်း ဘေးကင်းလုံခြုံမှုရှိလာတဲ့အတွက် ဒါဟာ အရမ်းကောင်းမွန်တဲ့ ပြောင်းလဲမှုလို့ ကျနော်ထင်ပါတယ်” ဟု ပတ်တင်ဆန်က ဆိုခဲ့သည်။

ပတ်တင်ဆန် ပါဝင်သရုပ်ဆောင်ထားသည့် အချစ်ဇာတ်ကား Damsel သည် ရွှေဝက်ဝံဆုပေးပွဲ ( Golden Bear Award) ၌ ပါဝင်ယှဉ်ပြိုင်နေသော ဇာတ်ကား ၁၉ ကားထဲ၌ တစ်ကားအပါအဝင်ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required