မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဆက်ဆံရေးရုံးများကို အမြန်ဆုံးဖွင့်လှစ်သွားမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဆက်ဆံရေးရုံးများကို အမြန်ဆုံးဖွင့်လှစ်သွားမည်

 

ဖေဖော်ဝါရီ ၁၇ ။                ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တော နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် အမြန်ဆုံးဖွင့်လှစ်သွားရန် ဖေဖော်ဝါရီ ၁၆ ရက်က နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ သဘောတူညီခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၆ ရက်၊ ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၆ နာရီခွဲအထိ ဒါကာမြို့ရှိ ပြည်ထဲရေး ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ယင်းသို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ယင်းအစည်းအဝေးတက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပထမအသုတ် လွှဲပြောင်းပေးမည့် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ ဦး၏ အမည်စာရင်းများနှင့် ကိုယ်ရေး အချက်အလက်များကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

" မြန်မာဘက်ကလည်း ဒီ နာမည်စာရင်းကို လက်ခံခဲ့ပါတယ်၊ ဒါကို တကယ် လုပ်ဆောင်သွားနိုင်ဖို့ ကျွန်တော်တို့ဆီက အကူအညီကို သူတို့ တောင်းခဲ့တာပါ" ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောခဲ့ကြောင်း ဝါရှင်တန်ပို့စ်ရဲ့ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကနဦးအဆင့်အနေဖြင့် နေရပ်ပြန်ပို့ခံရမည့် လူပေါင်း ၆,၅၀၀ ကို မြန်မာအစိုးရ တာဝန်ရှိသူများက ရွေးချယ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားထားသည်။

အဆိုပါနှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ် အောင် တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ယူရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသတလျောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ် ဖြတ်ကျော်မှုခင်း၊ နှစ်နိုင်ငံ မြစ်ကြောင်း နယ်နိမိတ်တွင် ဖြစ်ပေါ်လျက်ရှိသော မှုခင်းများ တိုက်ဖျက်ခြင်း တို့တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းနှင့် ပြန်ကြားမှ ထုတ်ပြန်သည်။

နှစ်နိုင်ငံအကြား “ (က) လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အရ သက်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသော အာဏာပိုင်များ အကြား စနစ်တကျ စီစဉ်ထားသော ပုံမှန် ပြုလုပ်နေကျ ဆွေးနွေးပွဲများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်၊ (ခ) တစ်နှစ် လျှင် တစ်ကြိမ် ဒုတိယဝန်ကြီးအဆင့်/ အတွင်းဝန်အဆင့် အစည်းအဝေး များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ဝန်ကြီးအဆင့် အစည်းအဝေးများ ပြုလုပ်ရန်၊(ဂ) အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အကြား အမျိုးမျိုးသော အဆင့်ကဏ္ဍ အလိုက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုအား ဆက်လက် ပြုလုပ်ရန်၊(ဃ) အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ရေး၊ ဆက်သွယ် ဆက်ဆံရေးနှင့် သတင်း အချက်အလက် အပြန်အလှန် ဖလှယ်ရေး တို့အတွက် အောက်ခြေအဆင့်၊ အလယ်အလတ် အဆင့်၊ ဗဟိုအဆင့်/ အကြီးအကဲ အဆင့်တို့၌ ဆက်သွယ် ဆက်ဆံရေး အရာရှိများ သတ်မှတ်ထားရန်၊(င) အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှု အဖြစ် ယဉ်ကျေးမှုအဖွဲ့၊ အားကစား အဖွဲ့၊ စာတမ်းဖတ်ပွဲများ၊ သင်တန်းအစီအစဉ် များ၊ လေ့လာရေး ခရီးစဉ်များ အပြန်အလှန် စေလွှတ်နိုင်ရေး ၊ (စ) နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် နယ်စပ် ဆက်ဆံရေး ရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် ဖွင့်လှစ်ခြင်းကို အမြန် ဆောင်ရွက်သွားရန်  ” စသည့် အချက်များ ကို နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. AsaduzzamanKhan MP တို့ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly