ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးပြောကြား

ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးပြောကြား
ဓာတ်ပုံ - သက်ကို

 

ဖေဖော်ဝါရီ ၁၇ ။                    ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ် ဟု ပြန်ကြားရေးဝန်ကြီး   ဒေါက်တာဖေမြင့်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ Studio A ၌  ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Content Providers (၅)ခုတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တိုင်းပြည်တာဝန်ကို စောစောက ဖော်ပြခဲ့တဲ့ ဌာနနှစ်ခုနဲ့ ထမ်းဆောင် နေသကဲ့ သို့ တစ်ချိန်တည်းမှာ ကျွန်တေ်ာတို့ တစ်ဖက်ကလည်းပဲ အလားတူ တာဝန်တွေကိုပဲ ထမ်းဆောင်မယ့် ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိတယ်လို့ ခံယူပါတယ် ”ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Content Providers (၅)ခု ဖြစ်သည့် Mizzima Media Company Limited ၊ DVB Multimedia Group Company Limited၊ Fortune Broadcasting Company Limited ၊KMA TeleMedia Holdings Company Limited ၊ My Multi Media Group Company Limited တို့ကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် အဓိကတာဝန်များသည် အများပြည်သူကို သတင်းအချက် အလက်ပေးရန်၊ အသိပညာဖြည့်ဆည်းပေးရန်နှင့် အပန်းဖြေပျော်ရွှင်မှုအတွက်   ဖျော်ဖြေတင်ဆက်ပေးရန်တို့ ဖြစ်သည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနတွင် မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့ကို ဌာနနှစ်ခုနှင့် သီးခြား ဆောင်ရွက်ခဲ့သည်ဟု သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required