ထမင်းဝအောင်စားထားဆိုသူများကို စွဲထားသည့် ပုဒ်မ ပြင်းမပြင်း ကာယကံရှင်များသာ ဆုံးဖြတ်ရမည့်ကိစ္စ ဟုဆို

ထမင်းဝအောင်စားထားဆိုသူများကို စွဲထားသည့် ပုဒ်မ ပြင်းမပြင်း ကာယကံရှင်များသာ ဆုံးဖြတ်ရမည့်ကိစ္စ ဟုဆို
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန် ဖေဖော်ဝါရီ ၁၇ ။             ။ အင်းစိန်မြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထား သည့် ထမင်းဝအောင်စားထားဆိုသူ ၄ ဦးနှင့် ပတ်သက်၍ ၎င်းတို့အပေါ်စွဲဆိုထားသည့် ပုဒ်မ များမှာပြင်းထန်လွန်းသည်ဟုဆိုကာ ယခု ဖေဖော်ဝါရီလအတွင်း ရန်ကုန်၊ သာကေတမြို့နယ်တွင် ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်သွားမည်ဖြစ်ပြီး ပုဒ်မ ပြင်းမပြင်း ကာယကံရှင်များသာ ဆုံးဖြတ်ရ မည့်ကိစ္စဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှု ဖြင့် တရားစွဲဆိုခံထားရသူဦးကြည်လင်းအား ဝန်းရံသည့် အနေဖြင့် ထမင်းဝအောင်စားထား စာတမ်းပါ တီရှပ်များဝတ်ဆင်ခဲ့သူ ၄ ဦးနှင့်ပတ်သက်၍ ပုဒ်မ များမှာ ပြင်းထန်လွန်းသည်ဟုဆိုကာ မျိုးချစ်သွေးဓမ္မကွန်ရက်နှင့်အခြားအဖွဲ့ အစည်းများက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ရန် စီစဉ်နေကြောင်း သိရသည်။

"ကျွန်တော်ပြောချင်တာက မနေ့က အဲဒီကိစ္စကို ဇေယျာဖြိုးကလည်း စာထုတ်တယ်၊ သူတို့နဲ့ မသိတဲ့ လူလေးငါးယောက်က တရားရုံးမှာ လာပြီးတော့ အဲဒီထမင်းဝအောင်စားထားဆိုတဲ့တီရှပ် တွေနဲ့ ပွဲဆူအောင် လုပ်တယ်ဆိုပြီး ဇေယျာဖြိုးကလည်း စွပ်စွဲထားတယ်၊ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ ပြောချင်တာက ပြင်းတယ် မပြင်းဘူးဆိုတဲ့ ကိစ္စက သက်ဆိုင်ရာကာယကံရှင်တွေက သူတို့ ဘာသာသူတို့ ဆုံးဖြတ်ရမယ့်ကိစ္စပေါ့၊ သက် ရောက်မှုအနေနဲ့ကတော့ ဇေယျာဖြိုးက မင်နီနဲ့ ထုတ်တဲ့သူ့စာမှာလည်း တသီးတခြားကို စာကြောင်းရေ ၂၃ မှာ ရေးထားတယ်၊ အဲဒီတော့ ဒီလူငယ် ၄ ယောက်က နစ်နာတော့မှာပေါ့ဗျာ၊ အဲဒီတော့ ပြောရခက်တယ်၊ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတော့လည်း လေ့လာရမှာပေါ့ဗျာ" ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြန်ခေါ်သက်သေငါးဦးကို စစ် ဆေးပြီး ရုံးချိန်းမှအပြန်တွင် သေဒဏ်အထိချမှတ်နိုင်သည့်ပုဒ်မဖြင့် စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးက မီဒီယာများကို မင်နီဖြင့် ရေးထား သည့် အချက်ခုနစ်ချက်ပါစာကို ပစ်ပေးခဲ့သည်။

အဆိုပါစာထဲတွင် ၎င်းသည် အကြိမ်ကြိမ်လုပ် ကြံခံနေရသည်ဟု အစချီထားပြီး ၎င်းတို့ကို စွဲ ချက်တင်ခါနီးအချိန်မှ ပြဿနာမျိုးစုံဖန်တီးပြီး တရားစီရင်ရေးကို ဖိအားပေးကာ ရှေ့နေများနှင့် မီဒီယာများကို ထမင်းဝအောင်စားထားဆိုသည့် ၎င်းတို့ မပြောသည့် စကားများပြောသည်ဆိုကာ ပြဿနာတက်ရန် ရန်တိုက်ပေးခဲ့ကြောင်းလည်း ထည့်သွင်းရေးသားခဲ့သည်။

“ကျွန်တော်တို့နဲ့ မသိတဲ့ ထမင်းဝအောင် စားထား စာတန်း ပါ T-Shirt ဝတ်လာတဲ့သူ လေး၊ ငါးယောက်က လာပြီး တရားရုံး မှာ ပွဲဆူအောင်လုပ်တယ် ။ ဂျာနယ်တစ်ခုမှာ ကျွန်တော်တို့က ကုမ္ပဏီထောင်ပြီး အကြမ်းဖက်မှု တွေ လုပ်ခဲ့ပါတယ်ဆိုပြီး အထောက် အထားမရှိ၊ ဥပဒေမဲ့ လက်လွယ် စပယ်ပြောပြီး အင်တာဗျူးတွေ လုပ်။ အဲဒီရက်ပိုင်းအတွင်းမှာပဲ ရုံးတော်က စစ်ဆေးပေါ်ပေါက် ချက်တွေနဲ့ ကွဲလွဲပြီး ကျွန်တော် ငွေကြေး ထောက်ပံ့ခဲ့တာ ပေါ်ပေါက်ခဲ့သယောင် တစ်ဖက်က မီဒီယာတွေကို သတင်းအမှားတွေပေးပြီး တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ အထင်အမြင်လွဲမှား အောင် လုပ်ဆောင်ပြီး တရားစီ ရင်ရေးကို ယိမ်းယိုင်သွားအောင် ဖိအားတွေ ပေးခဲ့ပါတယ်” ဟု တရားခံဇေယျာဖြိုးက မီဒီယာများ အား ပစ်ပေးသည့်စာတွင် ရေးသားထားသည်။

ထမင်းဝအောင်စားထားဆိုသူ ၄ ဦးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ဦးဆောင်ပြုလုပ် မည့် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်အား မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

အဆိုပါ ၄ ဦးကို အင်းစိန်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈၉ တို့ဖြင့် ဖေဖော်ဝါရီ လ ၇ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ တိမ်းရှောင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required