လက်ပံတောင်းမှ ကားနှင့်တိုက်ခံခဲ့ရသူ မသွဲ့သွဲ့ဝင်းအမှု တစ်နှစ်ကြာသည်အထိ ရင်ဆိုင်နေရ

လက်ပံတောင်းမှ ကားနှင့်တိုက်ခံခဲ့ရသူ မသွဲ့သွဲ့ဝင်းအမှု တစ်နှစ်ကြာသည်အထိ ရင်ဆိုင်နေရ

မုံရွာ၊ ဖေဖော်ဝါရီ ၁၇။                     ။ ကားနှင့်တိုက်ခံခဲ့ရသူ လက်ပံတောင်းတောင်ဒေသခံ မသွဲ့သွဲ့ဝင်းအမှုမှာ တစ်နှစ်ကျော်ကြာသည်အထိ အမှုမပြတ်သေးပဲ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကာယကံရှင်မသွဲ့သွဲ့ဝင်းက ပြောသည်။

"ကားနဲ့တိုက်လို့ ဆားလင်းကြီးမြို့နယ်တရားရုံးကို အမှုဖွင့်ထားခဲ့တယ်။ တစ်နှစ်ခွဲကျော်ကြာနေတဲ့အချိန်ထိ အမှုကမပြတ်သေးဘူး။ ရုံးချိန်းတွေလည်း အကြိမ်ကြိမ် သွားခဲ့ရပြီးပြီ။ အချိန်းပေါင်းလည်းမနည်းတော့ဘူး။ အကြိမ် ၄၀ ကျော်လောက်တောင်ရှိနေပြီ။" ဟု မသွဲ့သွဲ့ဝင်းက ပြောပြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်က မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဝက်မှေးရွာဟောင်း အနောက်တောင်ဘက်ရှိ နတ်စင်နှင့် ဘုရားဆင်းတုတော်များအား မြေစာပုံများဖြင့် ဖို့နေသဖြင့် သွားရောက်တားဆီးခဲ့ရာတွင် တရုတ်ဝန်ထမ်းတစ်ဦးက ကားဖြင့်တိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကားနှင့်တိုက်ခံခဲ့ရသူ မသွဲ့သွဲ့ဝင်းမှ ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိသူများကလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ ထိခိုက်နာကျင်မှု တို့ဖြင့် ပြန်လည်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်က ကားနှင့်တိုက်ခံခဲ့ရသူ မသွဲ့သွဲ့ဝင်းမှာ ကား၏ရှေ့မှ စက်ဖုံးပေါ်တွင် ပေ ၂၀ ခန့်အကွာထိ ကပ်၍ပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဝက်မှေးရွာဟောင်းမှ   ဒေသခံတစ်ဦးက ပြောသည်။

မသွဲ့သွဲ့ဝင်းသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာများသိမ်းဆည်းခံခဲ့ရသူတစ်ဦးဖြစ်ပြီး စီမံကိန်းရပ်ဆိုင်းရန် အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် မကြာခဏ ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required