သိန္နီမြို့နယ်တွင် တိုက်ပွဲကြောင့် ရွာလုံးကျွတ်ရှောင်တိမ်းနေ

သိန္နီမြို့နယ်တွင် တိုက်ပွဲကြောင့် ရွာလုံးကျွတ်ရှောင်တိမ်းနေ
ဟိုဆော်ဟိုမွန်ရွာမှ စစ်ရှောင်များ / ဓာတ်ပုံ-Sai Seinlu

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ။                     ။ သိန္နီမြို့နယ် ကောင်းကော်ကျေးရွာအုပ်စု၊ ဟိုဆော်ဟိုမွန်ရွာတွင် နေထိုင်သည့် မြောင်ဇီးလူမျိုးစုများသည် တပ်မတော်နှင့် ကိုးကန့်အဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့်   ကောင်းကော် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ စစ်ရှောင်ထွက်ပြေးလာခဲ့သည်ဟု သိရသည်။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ စိုင်းစိန်လူက "မနေ့ညက သုံးဆယ်လောက် ထပ်တိုးလာတယ်။ အခုလက်ရှိ ၁၇၆ ယောက်ရှိသွားပြီ။ အိမ်ထောင်စု ၃၁ အိမ်ထောင်စုရှိနေတယ်" ဟု ဆိုသည်။

လက်ရှိအနေအထားတွင် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ရွာပတ်ဝန်းကျင်နားတွင် ဖြစ်ပွားခြင်းမရှိဘဲ အနည်းငယ် ငြိမ်သွားသော်လည်း ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းအထိ လက်နက်ကြီးသံများ ကြားနေရဆဲ ဖြစ်သည်ဟု စိုင်းစိန်လူကဆိုသည်။

စစ်ရှောင်လာသူများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စပြီး ထွက်ပြေးလာနေခြင်းဖြစ်ကာ စားနပ်ရိက္ခာ နှင့် စောင်များ အထူးလိုအပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့ MNDAA သည် ၂၀၁၅ ခုနှစ်အတွင်း၌ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ယခုတစ်ခါ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ကိုးကန့်အဖွဲ့ MNDAA သည် "ဝ" အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်ခံခြင်း မရှိဘဲ နိုင်ငံရေးဆိုင်ရာတွေ့ဆုံညှိနှိုင်းမှု များ တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required