ဖေဖော်ဝါရီ ၁၇ ။ ။ မက္ကဆီကိုမှာ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်တစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က လှုပ်ခဲ့လို့ ပြည်သူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဆိုပါ ငလျင်ကတော့ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ လှုပ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ယင်းနိုင်ငံမှာ ရာပေါင်းရာနဲ့ချီ သေဆုံးခဲ့ရာတဲ့ ငလျင်ကြီးနှစ်ခု လှုပ်အပြီး ခြောက်လခန့်အကြာမှာပဲ နောက်ထပ် အားပြင်းငလျင်တစ်ခု ထပ်လှုပ်ခဲ့တာဖြစ်ပါတယ်။
ကနဦး ရရှိထားတဲ့ သတင်းတွေအရတော့ ယခုငလျင်ကြောင့် လူသေဆုံးမှု ဒါမှမဟုတ် အဆောက်အအုံတွေ ပြိုကျပျက်စီးမှု မရှိသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့်လည်း ငလျင် ဗဟိုချက်နဲ့ နီးခဲ့တဲ့ မြို့နှစ်မြို့မှာတော့ ပျက်စီးထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး အရေးပေါ် စောင့်ရှောက်ရေးစခန်းတွေ ဖွင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဗီဒီယိုထဲမှာတော့ မျက်နှာကျက် မီးအိမ်တွေ ခါရမ်းလှုပ်ခါနေတာကို တွေ့ခဲ့ရသလို လူတွေကလည်း အဆောက်အအုံအပြင်ဘက်တွေ ထွက်ပြေးခဲ့ကြရတာကို တွေ့ခဲ့ရပါတယ်။
ယခု ငလျင် ဗဟိုချက်ကတော့ အောက်စ်ဆာကာ ပြည်နယ် ပီနိုတီပါမြို့ အရှေ့မြောက်ဘက် ၅၃ ကီလိုမီတာ ဖြစ်တယ်လို့ သိရပါတယ်။
ယင်းနိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က လှုပ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်ကြီးတစ်ခုကြောင့် မက္ကဆီကိုမြို့တော်မှာ လူပေါင်း ၂၂၈ ဦး၊ ကျန်ဒေသတွေမှာ ၃၆၉ ဦးထိ သေဆုံးခဲ့ရပါတယ်။