ရုရှရွေးကောက်ပွဲ မတ်လမှာ ကျင်းပဖို့ ရှိနေပြီး ပူတင်ပဲ ထပ်မံအနိုင်ရဖို့ သေချာသလောက်ရှိနေ

.

 

ဖေဖော်ဝါရီ ၁၇ ။             ။ ရုရှ ရွေးကောက်ပွဲ ပထမအကျော့ မဲပေးမှုကို လာမယ့် မတ်လ ၁၈ ရက်မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတ ဗလာဒီမာ ပူတင် အပါအ၀င် ကိုယ်စားလှယ်လောင်း ရှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပူတင်နဲ့ အပြိုင်ရွေးကောက်ခံသွားကြမယ့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ခုနစ်ဦးထိ ရှိနေတယ်ဆိုပေမယ့်လည်း ယခုတစ်ကြိမ်မှာလည်း ပူတင်သာ ထပ်မံအနိုင်ရသွားဖို့ သေချာသလောက် ရှိနေပြန်ပါတယ်။ ပူတင်အနေနဲ့ကတော့ သူ့ရဲ့ ကရင်မလင် သက်တမ်းကို လာမယ့် ၂၀၂၄ အထိ ဆက်တိုးသွားဖို့ ရှိနေပါတယ်။

ယခု ရွေးကောက်ပွဲမှာ ပူတင်နဲ့ အပြိုင်ကြဲကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ သူ့ရဲ့ အဓိက နိုင်ငံရေးယှဉ်ပြိုင်ဘက်ကတော့ ပါဝင်လာနိုင်ခဲ့ခြင်းမရှိပါဘူး။ သူကတော့ အလက်ဇီ နာဗယ်လ်နီပဲဖြစ်ပါတယ်။

နာဗယ်လ်နီကတော့ ယင်းနိုင်ငံမှာ ပူတင်ကို အဓိက စိန်ခေါ်နိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရတယ်ဆိုပေမယ့် ယခုတစ်ကြိမ် မတ်လရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ အသက် ၄၁ နှစ်အရွယ် နာဗယ်လ်နီ အနေနဲ့ ပြစ်မှုစွဲချက်တစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ဖို့ အရည်အချင်းမမှီဘူးဆိုပြီး ရုရှ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုတစ်ကြိမ်မှာတော့ ပူတင် သာပဲ နောက်ထပ် အနိုင်ရသူပဲ ဖြစ်ဖို့ များနေပါပြီ။

ပူတင်ဟာဆိုရင်တော့ သူဟာ ခွန်အားကြီးပြီး သတ္တိရှိတဲ့ စွယ်စုံရသူတစ်ဦး ဖြစ်တယ်ဆိုတာကို အများကို ထုတ်ပြဖို့ ဘယ်တုန်းကမှ ၀န်လေးခဲ့သူ မဟုတ်ပါဘူး။ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ပူတင်ဟာ အမျိုးမျိုးသော ကျွမ်းကျင်မှု စကေးတွေကို ထုတ်ပြထားခဲ့ပြီးဖြစ်ပါတယ်။ ဂျူဒို ကစားခြင်း၊ တောထဲ အမဲလိုက်ခြင်း၊ ငါးမျှားခြင်း၊ ဟော်ကီကစားခြင်း၊ စန္ဒရားတီးပြခြင်း စတဲ့အရည်အချင်းကို ထုတ်ပြထားခဲ့ပြီး ဖြစ်ပါတယ်။